ဇွန် ၁၂
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒီအာရ်စီတွင် အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၃၆ ဦး အပါအဝင် ရောဂါဖြစ်ပွားမှုအရေအတွက် ၆၇၆ ဦးအထိ မြင့်တက်လာသဖြင့် ကျန်းမာရေးအာဏာပိုင်များက ရောဂါကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး သတိပေးပြောကြားခဲ့သည်။
ဒီအာရ်စီ၏ကျန်းမာရေးအာဏာပိုင်များမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော နောက်ဆုံးအစီရင်ခံစာအရ အီတူရီနှင့် မြောက်ကီဗူးပြည်နယ်များတွင် သေဆုံးသူ ကိုးဦးအပါအဝင် အတည်ပြုထားသော ကူးစက်မှုအသစ် ၄၁ ခုကို တွေ့ရှိခဲ့သည်ဟု သိရသည်။
အီဘိုလာဗိုင်းရပ်စ်၏ Bundibugyo မျိုးကွဲကြောင့် ဖြစ်ပွားသော ကပ်ရောဂါသည် အရှေ့ပိုင်းပြည်နယ်သုံးခုဖြစ်သည့် အီတူရီ၊ မြောက်ကီဗူးနှင့် တောင်ကီဗူးရှိ ကျန်းမာရေးဇုန် ၂၉ ခုကိုလည်း သက်ရောက်မှုရှိခဲ့သည်။
ပြည်သူ့ကျန်းမာရေးအစီအမံများကို လျင်မြန်စွာ မလုပ်ဆောင်ပါက ရောဂါဖြစ်ပွားမှု ကျယ်ပြန့်လာမည်ကို စိုးရိမ်ရကြောင်း ၎င်းက သတိပေးခဲ့သည်။
ကျန်းမာရေးအာဏာပိုင်များက ရောဂါဖြစ်ပွားသော ပြည်နယ်သုံးခုတွင် ထိတွေ့ဆက်ဆံသူ ၅၇၆၈ ဦးကို စောင့်ကြည့်စစ်ဆေးမှုအောက်တွင် ထားရှိကြောင်းနှင့် စောင့်ကြည့်လိုက်နာမှုနှုန်း ၇၁ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ပြောကြားခဲ့သည်။
အစီရင်ခံစာတွင် ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် အနီးကပ်ထိတွေ့သူများကို ခြေရာခံစုံစမ်းမှု အားနည်းနေခြင်းကို ဖော်ပြထားပြီး လက်ရှိခြေရာခံလိုက်နာမှုနှုန်းသည် ရည်မှန်းထားသည့် ၉၅ ရာခိုင်နှုန်းထက် နိမ့်ကျနေသဖြင့် ရောဂါကူးစက်မှုကွင်းဆက်များကို ဖြတ်တောက်တားဆီးရန် ကြိုးပမ်းမှုများထိခိုက်နိုင်ကြောင်း သတိပေး ပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


