ပါရီ   ဇွန်   ၉

အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာနိုင်သည့်အပေါ် စိုးရိမ်မှုများကြောင့် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများ၏ စိုက်ပျိုးရေးဝန်ကြီးများသည် အရေးပေါ်  အွန်လိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြသည်။

လက်ရှိ ဂျီ-၇ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံက ခေါ်ယူကျင်းပသည့် ဇွန် ၈ ရက် အစည်းအဝေးအပြီးတွင် စိုက်ပျိုးရေးဝန်ကြီးများက ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရပါက ဓာတ်မြေဩဇာဈေးနှုန်းများနှင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ယင်းသည်  လယ်သမားများနှင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးအတွက် အရေးပါသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဂျီ-၇ အဖွဲ့ဝင် စိုက်ပျိုးရေးဝန်ကြီးများက သတိပေးပြောကြားခဲ့သည်။

ဂျပန်စိုက်ပျိုးရေးဝန်ကြီး  စူဇူကီး နိုရီကာဇူက လက်ရှိတွင် မိမိတို့ထံ၌ ယူရီးယားဓာတ်မြေဩဇာ လုံလောက်စွာရရှိထားကြောင်း၊ သို့သော် လာမည့်နွေဦးရာသီနှင့် နောက်ပိုင်းကာလများအတွက် လိုအပ်သောထောက်ပံ့မှုများ မပြတ်တောက်စေရန်  ကြိုတင်အစီအမံများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။        

အင်န်အိတ်ချ်ကေ