နေပြည်တော် ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၏တောင်ဘက် ချောင်းဦး- ရေစကြိုသွား ကားလမ်းဘေးရှိ ငါးလုံးတင် ကျေးရွာအတွင်းသို့ လက်နက်အားကိုးဖြင့် အတင်းအဓမ္မဝင်ရောက်၍ ပြည်သူလူထု၏ နေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို စစ်စခန်းအဖြစ်အသုံးပြုပြီး အခြေပြုကာ အဆိုပါကျေးရွာရှိဒေသခံပြည်သူများအား လူသားတံတိုင်း အဖြစ်အသုံးချကာ မုံရွာ-စစ်ကိုင်းနှင့် ချောင်းဦး-ရေစကြို ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသော PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် အပြီးတိုင်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာအတွင်းရှိ ပြည်သူလူထု၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများတွင် သဲအိတ်များဖြင့် ဘန်ကာများတည်ဆောက်၍ စစ်စခန်းအဖြစ်အသုံးပြုကာ အခြေချနေထိုင်နေစဉ် အတွင်း ဒေသခံပြည်သူများအား လူသားတံတိုင်း အဖြစ်အသုံးချ၍ ၎င်းတို့အပေါ် ထောက်ခံအားပေးမှု မရှိသော ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ရဟန်း၊ သံဃာများနှင့် နိုင်ငံ့တာဝန်ကို ကျေပွန် စွာ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို တရားဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။
ထို့ပြင် မုံရွာ - စစ်ကိုင်း ဆက်သွယ်ရေး လမ်းကြောင်းနှင့် ချောင်းဦး - ရေစကြို ဆက်သွယ်ရေးလမ်းကြောင်းတို့ကို အသုံးပြု၍ ဒေသခံပြည်သူများ၏ အခြေခံလူမှု၊ စီးပွားဘဝများ အဆင်ပြေစေရန်အတွက် ကုန်စည်ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိသော ကုန်တင်ကားများ၊ ခရီးသွား မော်တော်ယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ဆက်ကြေး ကောက်ခံခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသဖြင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးခဲ့ပြီး ဒေသခံပြည်သူများသည် ကုန်စည်ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူ စားသုံးရခြင်း၊ လုံခြုံအေးချမ်းမှုမရှိဘဲ နေထိုင်ရခြင်းများကို ကြုံတွေ့ခံစားနေကြရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ငါးလုံးတင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် တာဝန်သိဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ငါးလုံးတင်ကျေးရွာရှိ PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation)ဖြင့် တိုက်ခိုက်ချေမှုန်းရန်အတွက် ချောင်းဦးမြို့၌ လိုအပ်သည့် ပြင်ဆင် စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ ကာ ဇွန် ၅ ရက်မှစတင်၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ ဇွန် ၆ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော မှန်ချိုကျေးရွာ အားလည်းကောင်း၊ ဇွန် ၈ ရက်တွင် ဂူကြီးဘုန်းကြီးကျောင်းနှင့် ဆင်မြေကျေးရွာတို့အားလည်းကောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် ငါးလုံးတင်ကျေးရွာနှင့် ဝန်းကျင်တစ်ဝိုက်အားလည်းကောင်း အသီးသီးပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် အကျအဆုံး များစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း နှစ်လောင်း၊ လက်နက်မျိုးစုံလေးလက်၊ လက်လုပ် Fixed Wing တစ်စင်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ငါးလုံးတင်ကျေးရွာအား စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချ ဝင်ရောက်နေထိုင်စဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍ ခံစစ်ဘန်ကာများဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ အသုံးပြုသည့် ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement - ROE)နှင့်အညီ ပြည်သူလူထု၏ တိုက်တာ၊ အိုးအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ငါးလုံးတင်ကျေးရွာအား စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချ ဝင်ရောက်နေထိုင်လျက်ရှိသော အကြမ်းဖက်သမားများအား အပြီးတိုင် တိုက်ထုတ်ပေးနိုင်ခဲ့သဖြင့် ဒေသခံပြည်သူများက တပ်မတော်စစ်ကြောင်းများအား ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူလျက် ရှိကြောင်း၊ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်း ပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


