ဇွန် ၈
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူ ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံဘေးအန္တရာယ်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုပမာဏကို အာဏာပိုင်များက အတည်ပြုနေဆဲဖြစ်ကြောင်း ဂျင်နရယ်ဆန်းတို့စ်မြို့မှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအကြီးအကဲ အဂရီပီနို ဒါစီရာက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသုတေသနအဖွဲ့က ငလျင်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၇ မိနစ်က မြေအောက်အနက် ၃၃ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ငလျင်ဗဟိုချက်သည် လူဦးရေ ခုနစ်သိန်းခန့်ရှိသော ဂျင်နရယ်ဆန်းတို့စ်မြို့ အနီး မင်ဒါနာအိုကျွန်းပေါ်ရှိ ဆာရန်ဂါနီပြည်နယ်အတွင်း မာအာစင်မြို့ ကမ်းရိုးတန်း၏ အနောက်တောင်ဘက် ၃၂ ကီလိုမီတာ အကွာတွင် တည်ရှိသည်။
အမြင့်ဆုံးလှိုင်းသည် စံချိန်တင် ၁ ဒသမ ၄ မီတာအထိ ရောက်ရှိခဲ့ကြောင်း ငလျင်ဗေဒသုတေသနအဖွဲ့က ပြောကြားခဲ့သည်။ အဆောက်အအုံအချို့ ပြိုကျပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။ အနီးနားရှိ ပြည်နယ်များတွင် ငလျင်နောက်ဆက်တွဲတုန်ခါမှုများကို ခံစားခဲ့ရသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမူအယ်လ်ဒက်ဇ် မားကို့စ်က ဘေးဒဏ်သင့်ဒေသများတွင် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် စောင့်ကြည့်ရေးလုပ်ငန်းများကိုညွှန်ကြားခဲ့ပြီး ဒေသခံများကို ဘေးလွတ်ရာမြင့်မားသောနေရာသို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် မီးစက်ကွင်းဟုခေါ်သာငလျင်ကြောပေါ်တွင် တည်ရှိသောကြောင့် ငလျင်လှုပ်ရှားမှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


