ဒါကာ ဇွန် ၇
ဘင်္ဂလားဒေ့ရှ်နှင့် တူကီယဲနိုင်ငံတို့သည် နှစ်နိုင်ငံကြား နိုင်ငံရေးနှင့် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဝန်ကြီးအဆင့် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်နှင့် တူကီယဲ နိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်တို့သည် ဇွန် ၆ ရက်က ဒါကာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အဆိုပါသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
နှစ်နိုင်ငံအကြား ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်ရေး အဓိကထားဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် မဟာဗျူဟာမြောက်ဆက်ဆံရေးကို ပိုမို အားကောင်းခိုင်မာစေရန် နှစ်စဉ် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲများ ကျင်းပသွားရန်လည်း နှစ်ဖက်သဘောတူခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နိုင်ငံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်သည် သုံးရက်ကြာခရီးစဉ်အဖြစ် ဇွန် ၄ ရက်က ဒါကာမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဆင်ဟွာ


