နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်တစ်ဝန်း တည်ငြိမ်အေးချမ်းစေရေးနှင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားရာ တပ်မတော်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများကို ဒေသတစ်ခုပြီးတစ်ခု အကောင်အထည်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်နေရသည်။

 

ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးရာတွင် တပ်မတော်အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုတို့ကို ဆောင်ရွက်ပေးပြီးသည်နှင့် ဒေသအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပညာရေးကဏ္ဍမြှင့်တင်ပေးရန် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ဆေးနှင့် ဆေးပစ္စည်းများအား တပ်မတော်ယာဉ်တန်းများဖြင့် ပို့ဆောင်ပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဝေးလံပြီးသွားလာရေးခက်ခဲသည့်ဒေသများသို့ တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။

 

အဆိုပါထောက်ပံ့ရေးပစ္စည်းများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိသည်။ တပ်မတော်အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် လက်တွဲပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးပြီး အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်းတံတားများ ပြန်လည်ပြုပြင်ရေး၊ အများပြည်သူသေကျေပျက်စီးအောင် ထောင်ထားခဲ့သည့် မိုင်းများ ရှင်းလင်းရေးတို့ကို ဖြန့်ကြက်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယခုအခါ ခရီးသွားမော်တော်ယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ သွားလာနေထိုင်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ဒေသခံပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေး၊ ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော်လည်း နယ်မြေဒေသများထိန်းချုပ်ရေး၌ ကျန်ရှိနေသောဒေသများရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများကြောင့် ဆင်းရဲဒုက္ခအမျိုးမျိုးရောက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

လုံခြုံမှုအလှမ်းဝေးသည့် ဒေသများတွင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသခံအပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများရှိနေပြီး လုံခြုံမှုရှိသောနေရာအချို့တွင်လည်း အလစ်အငိုက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးမှူးရုံးတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေစဉ် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရုံးဝန်ထမ်းနှင့်အပြစ်မဲ့ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့အပြင် ဂန့်ဂေါခရိုင် ကျောမြို့ အခြေခံပညာအထက်တန်းကျောင်း(ကျော)တွင် ကျောင်းသန့်ရှင်းသာယာလှပရေးပြုလုပ်နေသည့် ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ကျောင်းအရှေ့ဘက်မှနေ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များ၏အနာဂတ်အတွက် အေးချမ်းစွာပညာသင်ကြားမှုများကို နှောင့်ယှက်ဖျက်ဆီးသည့် အကြမ်းဖက်သမားများ၏လုပ်ရပ်များကို ပြည်သူအားလုံး က စက်ဆုပ်ရွံမုန်း ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

 

ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချမှုနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးနေကြသည့် PDF အမည်ခံအကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်သောင်းကျန်းသူများအားလုံး အမြစ်ပြတ်နိဂုံးချုပ်ရေးအတွက် တပ်မတော်နှင့်အတူ ပြည်သူအားလုံးပူးပေါင်းပါဝင်ကူညီမှုဖြင့် အရှိန်အဟုန်မြှင့်တင် ဆက်လက်တိုက်ဖျက်ချေမှုန်းသွားမည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရေးအတွက် အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။