အဒစ်အဘာဘာ ဇွန် ၆

အာဖရိက၌ လက်ရှိအချိန်အထိ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၃၄ ဦး အီဘိုလာဗိုင်းရပ်စ် ကူးစက် ခံထားရပြီး ၎င်းတို့အနက် ခုနစ်ဦး သေဆုံးကာ ခြောက်ဦး ပြန်လည်ကောင်းမွန်လာကြောင်း အာဖရိက ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရောဂါကူးစက်ခံရသူပေါင်း ၃၉၇ ဦးရှိပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ၃၈၁ ဦးနှင့် ယူဂန်ဒါနိုင်ငံမှ ၁၆ ဦးရှိကြောင်း အာဖရိက ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန ညွှန်ကြား ရေးမှူးချုပ် ဂျင်းန်ကာဆီယာက ပြောကြားခဲ့သည်။ အတည်ပြု လူနာများအနက် သေဆုံးသူဦးရေမှာ လက်ရှိတွင် ၆၃ ဦးရှိပြီး ၎င်းတို့အနက် ယူဂန်ဒါနိုင်ငံသား တစ်ဦးပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရောဂါမှပြန်လည်သက်သာလာသူ ရှစ်ဦးရှိပြီး ၎င်းတို့အနက် ခြောက်ဦးမှာ ကွန်ဂိုနိုင်ငံမှဖြစ်ပြီး ကျန်နှစ်ဦးမှာ ယူဂန်ဒါနိုင်ငံမှဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းရှိ အီတူရီ ပြည်နယ်သည် ရောဂါကူးစက်မှု အဆိုးရွားဆုံး ဗဟို ချက်မဖြစ်နေပြီး အတည်ပြုလူနာ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနှင့် သေဆုံးမှု စုစုပေါင်း၏ ၇၆ ရာခိုင်နှုန်းမှာ ၎င်းပြည်နယ်မှဖြစ်ကြောင်း ကာဆီယာက ပြောကြားခဲ့သည်။

ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေ ပိုမို ဆိုးရွားလာသည့်အတွက် ကွန်ဂိုသမ္မတ ဖဲလစ် ဆီဆီကေဒီက ကာဆွန်ဂို မူလန်ဘာ ဘာတိုကာ ဂါဘီအား အီတူရီပြည်နယ်၏ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသစ်အဖြစ် ခန့်အပ်ခဲ့သည်။

ဘွန်ဒီဘူဂျို အီဘိုလာမျိုးစိတ်အတွက် ဆေးဝါးကုသမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း မရှိခြင်း၊ အားနည်းသော ကျန်းမာရေးအခြေခံအဆောက်အအုံများနှင့် အရေးပေါ်ကျန်းမာရေးအခြေအနေအမျိုးမျိုးကို ရင်ဆိုင်နေရသည့်အတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ခက်ခဲနေရခြင်းဖြစ်ကြောင်း အီတူရီပြည်နယ် အုပ်ချုပ်ရေးမှူးသစ် ကာဆွန်ဂို မူလန်ဘာ ဘာတိုကာ ဂါဘီက ပြောကြားခဲ့သည်။

ထို့ပြင် ရန်ပုံငွေနှင့် အရင်းအမြစ် ကန့်သတ်ချက်များရှိခြင်း၊ လူဦးရေ ရွှေ့ပြောင်းသွားလာမှု မြင့်မားခြင်း၊ မလုံခြုံမှုနှင့် နေရပ်စွန့်ခွာရမှုများရှိခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရခြင်းနှင့် သတင်းအမှားများနှင့် မယုံကြည်မှုများက အခြေအနေကို ပိုမိုရှုပ်ထွေးဆိုးရွားစေလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အာဖရိက ရောဂါကာကွယ် ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့က အီဘိုလာရောဂါဖြစ်ပွားမှုကြိုတင် ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးစီမံကိန်း (Continental Ebola Outbreak Preparedness and Response Plan) ကို စတင်ခဲ့သည်။

၎င်းစီမံကိန်းသည် အာဖရိကနိုင်ငံများအနေဖြင့် ဇွန်လမှ နိုဝင်ဘာလအထိ ကာလအတွင်း ရောဂါ ကူးစက်မှုကို ကြိုတင်ပြင်ဆင်ရန်၊ လျင်မြန်စွာ စစ်ဆေးဖော်ထုတ်ရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၁၈ သန်း ရန်ပုံငွေရှာဖွေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်