နေပြည်တော် ၂၅ မတ်
အဋ္ဌမအကြိမ် မြန်မာ-လာအို လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုစည်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲ ဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဝန်ကြီး Pol. Lt. Gen. VILAY LAKHAMPHONGနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ-လာအို နှစ်နိုင်ငံလုံခြုံရေးနှင့်တည်ငြိမ်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ သတင်းအချက်အလက်များဖလှယ်ရေး၊ နယ်စပ်ဆက်ဆံရေးရုံး ယန္တရားတိုးမြှင့်ဖော်ဆောင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ တရားမဝင် ဝင်/ထွက်မှုများ ထိန်းချုပ်ရေး၊ မြန်မာ-လာအို ဘာသာစကား အပြန်အလှန်သင်ကြားရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ဝန်ကြီးဌာနတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များကို ဆွေးနွေးအတည်ပြုကြသည်။ ယင်းနောက် နှစ်နိုင်ငံကိုယ်စားလှယ်များက စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။
မြန်မာ-လာအိုဝန်ကြီးအဆင့် အစည်းအဝေးမတိုင်မီ မြန်မာ-လာအို အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးအား နံနက် ၉ နာရီက Horizon Lake View Hotel ၌ ပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အရာရှိကြီးများနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် Pol. Brig. Gen Sisavath KEOMALAVONG နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


