ရန်ကုန် မတ် ၃၀
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်၊ စာစောင်များ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ စာအုပ်လှူဒါန်းပွဲပြုလုပ်ရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် အလှူရှင်များက စာအုပ်များ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်များ ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယနေ့လှူဒါန်းမှုတွင် စာရေးဆရာ တက္ကသိုလ်စိုးယဉ်က စာအုပ်မျိုးစုံ ၁၈၀၊ ဦးကျော်ခင်မြင့် (မောင်ရင့်ကျူး-မြောင်းမြ)က သုတ ရသစာအုပ် ၁၄၀၊ တပ်ကုန်းမြို့ အထက-၁ ရွှေရတု မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီက မဂ္ဂဇင်း ၅၂ အုပ်၊ ဒေါက်တာမင်းလွင်က ဆေးပညာဆိုင်ရာ စာအုပ် ၃၀၀ ကျော်နှင့် ဆရာမကြီး ဒေါ်ခင်အုန်းမြင့်က သုတ၊ ရသဓမ္မစာအုပ် ၆၄၅ အုပ်၊ အမျိုးသားစာပေဆု တစ်သက်တာစာပေဆုရှင် စာရေးဆရာမကြီး ဒေါ်ပိုက သုတ/ရသစာအုပ် ၂၀၀ စုစုပေါင်း ၁၅၁၇ အုပ်ကျော်ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဆက်လက်ပြုလုပ်၍ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


