ပဲခူး မတ် ၃၀

 

ပဲခူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ် ပြုလုပ်သွားမည့်အပြင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးများဖြင့်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

ပဲခူးမြို့ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ ရုံးရှေ့၌ ဗဟိုမဏ္ဍပ်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယိမ်းအကပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ ကိုယ်စားပြု ယိမ်းအဖွဲ့များနှင့် ရပ်ကွက်နှင့် ကျေးရွာကိုယ်စားပြုယိမ်းအဖွဲ့များက ယိမ်းအက တိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ယှဉ်ပြိုင်ဖျော်ဖြေ

ပဲခူးမြို့ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကို ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း တစ်လျှောက်အတိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ ကိုယ်စားပြုယိမ်းအဖွဲ့ ခုနစ်ဖွဲ့၊ ရပ်ကွက်/ ကျေးရွာကိုယ်စားပြု ယိမ်းအဖွဲ့ ၁၂ ဖွဲ့ဖြင့် ယှဉ်ပြိုင် ဖျော်ဖြေကြမည်ဖြစ်သည်။

 

ပဲခူးမြို့၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေး အစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ် ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒိသာ ဧည့်ခံကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)