ရန်ကုန် မတ် ၂၉

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီး စာဖြေဌာနနှင့် အင်းစိန်မြို့နယ်လုံးဆိုင်ရာ ဝဇီရသာသနာ့ဗိမာန်တော်ကြီး စာဖြေဌာနများ၌ ယနေ့မွန်းတည့် ၁၂ နာရီတွင် ၂ဝ၂၆ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲ ခုနစ်ရက်မြောက်နေ့အဖြစ် သံဃာ ၄၅ ပါးနှင့် သီလရှင် ခုနစ်ပါး စုစုပေါင်း ၅၂ ပါး ဆက်လက်ဖြေဆိုလျက်ရှိကြပြီး အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမကြီး၊ ပထမလတ်၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းတို့တွင် သံဃာ ၆၄၈ ပါးနှင့် သီလရှင် ၆၃ ပါး စုစုပေါင်း ၇၁၁ ပါးတို့ မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ စာမေးပွဲများတွင် စာမေးပွဲသြဝါဒါစရိယနှင့် ကြီးကြပ် ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာဖြေ သံဃာ၊ သီလရှင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ရေသန့်ဘူးများနှင့် အအေး၊ အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စာဖြေသံဃာများ၊ သီလရှင်များအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်ဦး