ပုသိမ် မတ် ၂၉

 

၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် နှစ်စဉ်ကျင်းပလာသည့် အတာသင်္ကြန်ပွဲများထက် ထူးခြားလေးနက်သည့် အတာသင်္ကြန်ပွဲကို ကျင်းပပြုလုပ်‌‌နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး (ဗဟို)သင်္ကြန်မဏ္ဍပ်ကို ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရှုခင်းသာရင်ပြင်တွင် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ဧည့်ခံရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များကို ပူးတွဲပြီး တည်ဆောက်လျက်ရှိကြောင်း၊ စတုဒိသာမဏ္ဍပ်များကို နှစ်စဉ်ကဲ့သို့ ဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ်တွင် ထူးထူးခြားခြား သနပ်ခါးသင်္ကြန်မဏ္ဍပ်အား ထည့်သွင်းဆင်နွှဲသွားမည် ဖြစ်ကြောင်း၊ အလားတူ ဧရာဝတီတိုင်းဒေသကြီး၏ အမှတ်သင်္ကေတဖြစ်သည့် ပုသိမ်ထီးကို မဏ္ဍပ်ပြင်ဆင်မှုများတွင် ပိုမိုပြောင်မြောက်စေရန် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအနေဖြင့် လမ်းလျှောက်သင်္ကြန် အပါအဝင် ဗဟိုမဏ္ဍပ်နှင့် အခြားသောမဏ္ဍပ်များကို ပုသိမ်မြို့ ကမ်းနားလမ်းတွင် တစုတစည်းတည်း ကျင်းပမည်ဖြစ်ရာ ဆိုလာရေ ရရှိရေးစနစ်ဖြင့် လည်းကောင်း၊ လျှပ်စစ်မီးအသုံးပြု၍ စက်သုံးဆီ သုံးစွဲရေးအား အနည်းဆုံး ခြိုးခြံချွေတာနိုင်ရေး စီစဉ်ဆောင်ရွက် ထားလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်းထက် ပိုမိုထူးခြားလေးနက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားသည့်အပြင် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများကို စီစဉ်ဆောင်ရွက်ထားကြောင်း ဗဟိုမဏ္ဍပ် တည်ဆောက်ရေး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံမှ သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)