နေပြည်တော် မတ် ၂၈

၂၀၂၆ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပင်လောင်း မီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူး ထားသော ပိုစတာကြီးများအား စိုက်ထူထားရှိသည်။

အလားတူ ပင်လောင်းလမ်းဆုံမှ စစ်ရေးပြကွင်းကြီးသို့ သွားရောက်သည့် လမ်းတစ်လျှောက်တွင် လည်း တပ်မတော်၏ဆောင်ပုဒ်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် စိုက်ထူထားပြီး စစ်ရေးပြကွင်းအဝင်ဝရှိ မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။

ပုံဖော်အလှဆင်ထား

စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်၌ စစ်ကြောင်းများ၏ ကိုယ်စားပြု အရောင်အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့်လည်းကောင်း၊ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးတွင် LED Strip Light များ လမ်းဘေးဝဲ၊ ယာ တစ်လျှောက်၌ မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့် ဆင်ယင်ထားပြီး စစ်ကြောင်းကြီးများအား ဂုဏ်ပြုကြိုဆိုပါ၏ စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော်၍လည်းကောင်း၊ စစ်ရေးပြ ကွင်းအတွင်း အလေးပြုခံ စင်မြင့် မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့် လည်းကောင်း၊ မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော် အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား LED Strip Light များဖြင့်လည်းကောင်း အသီးသီး ပုံဖော် အလှဆင်ထားသည်ကို ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင် မည်ဖြစ်သည်။

ထို့အပြင် ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော် ပန်းခြံတွင်လည်း မီးအလှများဖြင့် ဖန်တီးပုံဖော်ထား သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် (၈၁) နှစ် မြောက် တပ်မတော်နေ့အထိမ်း အမှတ်တံဆိပ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် အသုံးပြုသည့် ယာဉ်ယန္တရားပုံစံ ငယ်များ၊ ရေယာဉ်ပုံစံငယ်များ၊ လေယာဉ်ပုံစံငယ်များ၊ ရဟတ် ယာဉ်ပုံစံငယ်များကို ပြသထား သည်။ ပန်းခြံအတွင်း ဖိုက်ဘာဖြင့် ပြုလုပ်ထားသည် စစ်သည်ရုပ်တုငယ်များ၊ ပုံဖော်ထားသည့် ပန်း အလှများ၊ သစ်ပင်များတွင် တပ်ဆင်ထားသည့် မီးရောင်စုံများ၊ မီးအလှများဖြင့် ပြုလုပ်ထားရှိရာ လာရောက်အပန်းဖြေလည်ပတ် ကြသူများဖြင့် စည်ကားလျက်ရှိသည်။

(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌လည်း မီးရောင်စုံများ၊ မီးအလှများဖြင့် ထွန်းညှိ၍ ဂုဏ်ပြုအလှဆင်မှုများ ပြုလုပ်ထားလျက်ရှိရာ အဆိုပါ နေရာများသို့ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်