ညောင်ဦး   မတ်   ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  ပနီတွင်းကျေးရွာရှိ မြေသားမိုးရေလှောင် ကန်ကြီးအား ဒေသခံပြည်သူများနှင့်   ကျေးငှက်တိရစ္ဆာန်များအတွက် သောက်သုံးရေဖူလုံစေရန် ရည်ရွယ်၍ ပုဂံမြို့  ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာဂရ ဦးဆောင်သော ပရဟိတလူမှုရေး အသင်းအဖွဲ့များက ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး မတ် ၂၀ ရက်မှစတင်၍ မြေသားမိုးရေလှောင်ကန်ကြီးကို စက်ယန္တရားများဖြင့် ပြုပြင်တူးဖော်ဆောင်ရွက်ပေးလျက် ရှိသည်။

ဆရာတော် ဘဒ္ဒန္တသာဂရ ဦးဆောင်သော ပရဟိတလူမှုရေးအသင်းအဖွဲ့များက စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ကျေးရွာသူ ကျေးရွာသားများနှင့် ပူးပေါင်းပြီး မြေသားမိုးရေလှောင် ကန်ကြီး ပရိဝုဏ်အတွင်း၊ အပြင်ရှိ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေဝင်ဧရိယာကျယ်ဝန်းစေရန်အတွက် စက်ယန္တရားများဖြင့်  ကန်အတွင်းရှိ သဲ၊ နုန်း ရွှံ့နွံများဆယ်ယူရှင်းလင်းခြင်း (ကန်တူးဖော်ခြင်း)၊ ကန်အတွင်း ရေဝင်ရောက်မှု ပိုမိုကောင်းမွန်စေရန် ရေမြောင်းတူးဖော်ခြင်း စသည့်   ကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများကို   စုပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မြေသားမိုးရေလှောင်ကန်ကြီး ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပနီတွင်းကျေးရွာနှင့်  အနီးဝန်းကျင်ရှိ ကျေးရွာနှစ်ရွာ၊ တဲတိုက်(၂)ခုတို့မှ စုစုပေါင်း အိမ်ထောင်စု ၄၅၀ မှ ကျေးလက်နေပြည်သူများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားရှိသော ကျွဲ၊ နွားတိရစ္ဆာန်များအပြင် ကျေးငှက်တိရစ္ဆာန်များအတွက်ပါ သောက်သုံးရေဖူလုံစေမည်ဖြစ်ကြောင်း၊ ရပ်ဝေးရပ်နီးမှ ကုသိုလ်ပါဝင်လှူဒါန်းလိုသော စေတနာရှင် အလှူရှင်များအနေဖြင့် ကန်တူးဖော်ရေးလုပ်ငန်းတွင်  အသုံးပြုလျက်ရှိသော ဘက်ဟိုး/မြေသယ် ကားများအတွက် ငှားရမ်းခ တစ်နာရီလျှင် ငွေကျပ်တစ်သိန်းနှုန်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။   

ရဲဝင်းနိုင်(ညောင်ဦး)