ရန်ကုန်    မတ်     ၂၅

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)အနေဖြင့် မကြာသေးမီအချိန်ကာလအတွင်းက ကန့်သတ်ထားသော နိုင်ငံတကာခရီး စဉ်များအတွက်  ခရီးဆောင်အိတ်သယ်ယူခွင့်များကို မတ် ၂၆ ရက်မှစတင်၍ ယခင်မူလအတိုင်း ပြန်လည်သယ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပြီး operational အခြေအနေများကြောင့် ယခင်ကရပ်နားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မတ် ၂၅ ရက်မှစတင်ကာ ပုံမှန်အတိုင်း  ပြန်လည်ပျံသန်းပြေးဆွဲပေးနေကြောင်း  MAI  ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

MAI  မှ  ပြေးဆွဲနေသည့် နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်များမှာ Economy Class အတွက် 30KG အထိ၊  Business Class အတွက် 40KG အထိ ပြန်လည် သယ်ဆောင်နိုင်ပြီဖြစ်သလို Sky Smile(Ruby & Diamond) အဖွဲ့ဝင်များအနေဖြင့်လည်း အပို ခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

မတ် ၂၂ ရက်မှ ၂၅ ရက်အတွင်း အသစ်ပြောင်းလဲသတ်မှတ်လိုက်သော ခရီးဆောင်အိတ်သယ်ယူခွင့် ယာယီကန့်သတ်ချက်များကြောင့် KG ဆုံးရှုံးနစ်နာခဲ့ရသည့်ခရီးသည်များကို MAI မှ ခရီးဆောင်အိတ် သယ်ဆောင်ခွင့်အလေးချိန်  10 KG နှင့် တန်ဖိုးညီမျှသည့် Travel Voucher    တစ်စောင်ကိုလည်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး ယင်း Travel Voucher ကို ယခုနှစ် ဇွန် ၃၀ ရက်အထိသာ အသုံးပြုနိုင်မည်ဖြစ်ကာ အခြားသူအား လွှဲပြောင်းခြင်း သို့မဟုတ် refund ပြန်လည်ထုတ်ယူခြင်းများ ပြုလုပ်နိုင်မည်မဟုတ်ဟုဆိုသည်။

ယခုအခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့သော အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအား အနူးအညွတ်တောင်းပန်ပါကြောင်းနှင့်  မည်သည့်အခြေအနေမျိုးတွင်မဆို ခရီးသည်များ အဆင်ပြေချောမွေ့စွာ ခရီးသွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလိုကာလ အတွင်း ခရီးသွားပြည်သူများ၏ စိတ်ရှည်နားလည်ပံ့ပိုးပေးမှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုထက်