အလုံ မတ် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း အဖွဲ့၀င်များက ဆင်မင်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၃ ဒေါ်အေးအေးဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ သူနာပြုသိပ္ပံ(ပေါင်းကူး) (On-Campus) ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုး‌လောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ် ဆေးခတ်ခြင်း၊‌ ဆေးမှုတ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်း‌ရေး လုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့သည်။

 

အလုံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေလုံသား (မြို့နယ်ပြန်/ဆက်)