နေပြည်တော် မတ် ၂၄

 

ဟားခါးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အဆင့်မြင့်ပညာအဆင့် နေ့သင်တန်း ကျောင်းသားကျောင်းသူများနှင့် ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော သင်ကြား၊ စီမံဝန်ထမ်းများ၏ သားသမီး အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် သုံးထပ်ဆောင် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီ က အမှာစကား ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးနှင့် ဝန်ထမ်းမိဘများကိုယ်စား ဝန်ထမ်းတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယနေ့တွင် ဟားခါးတက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူ ၂၁ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသိန်း နှုန်းဖြင့်လည်းကောင်း၊ ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီး အခြေခံပညာအဆင့် တက်ရောက်နေသော ကျောင်းသားကျောင်းသူ ၂၈ ဦးအတွက် တစ်ဦးလျှင် ငါးသောင်း ကျပ်နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)