တိုက်ကြီး မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူ ပြည်သူများ စံချိန်စံညွှန်းနှင့် ကိုက်ညီစစ်မှန်ပြီး နိုင်ငံတော်သို့ ကျသင့်အခွန်အကောက်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်အကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြည်တွင်းအခွန်များဦးစီးဌာန ရုံးခန်းမတွင် ကျင်းပသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်က ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register – CEIR) ၏ အကျိုး ကျေးဇူးများ၊ CEIR စနစ်ဖြင့် ဆောင်ရွက်နိုင်သည့်အချက်များနှင့် လုပ်ငန်းစဉ်များ၊ IMEI နံပါတ်၏ အဓိပ္ပာယ်၊ အခွန်ပေးဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးပုံနည်းလမ်း၊ ကောက်ခံလျက်ရှိသည့် အခွန် အမျိုးအစားများ၊ ပြည်ပမှတင်သွင်းလာသော မိုဘိုင်းလက်ကိုင်ဖုန်းများ၏တန်ဖိုးကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း၊ CEIR စနစ်ဖြင့် အခွန်ပေးဆောင်ခြင်းနှင့် အခွန်ပေးသွင်းနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် မိုဘိုင်းဖုန်းဆိုင်များမှ သိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်က ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


