ရန်ကုန် မတ် ၂၃

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် မင်းဓမ္မလမ်းရှိ အင်းစိန်မြို့နယ်လုံးဆိုင်ရာ ဝဇီရသာသနာဗိမာန်တော် ကြီး၌ ယမန်နေ့မွန်းလွဲ ၃ နာရီက ၂၀၂၆ ခုနှစ် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပသည်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်အဓိပတိ မဟာနာယက သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။

 

ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆရာတော်ကြီးများနှင့် ၁၃၈၆ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲများတွင် ဖြေဆို အောင်မြင်တော်မူခဲ့ကြသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများ စုစုပေါင်း ၃၀၉ ပါးအား လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် အောင်လက်မှတ်များကို ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

 

မြင့်ဦး