နေပြည်တော် မတ် ၂၃
(၆၆)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်သည့်ဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
တိုက်တွန်းပြောကြား
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် မတ် ၂၃ ရက်ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပကြောင်း၊ ယခု ၂၀၂၆ ခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ဆောင်ပုဒ်သည် “သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာ စောင့်ကြည့်စို့” (Observing Today, Protecting Tomorrow) ဖြစ်ကြောင်း၊ လက်ရှိကမ္ဘာတစ်ဝန်းတွင် မြေငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုတိုးလာနေသဖြင့် နေ့စဉ်စောင့်ကြည့် တိုင်းတာခြင်းနှင့်အတူ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ပြည်သူများ၏အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်အရေးကြီးကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် မိုးလေဝသနှင့် ဇလဗေဒသတင်းများကို နေ့စဉ်စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အရေးကြီးဆုံးအချက်မှာ “တိကျသော တိုင်းတာရေးမှတ်တမ်းအချက်အလက်” များသာ ဖြစ်ကြောင်း၊ သဘာဝဘေးကာကွယ်ရေးသည် အစိုးရ သို့မဟုတ် အဖွဲ့အစည်းတစ်ခုချင်းစီတို့မှ ဆောင်ရွက်ခြင်းထက် ပြည်သူအားလုံးက ပူးပေါင်း ပါဝင်ခြင်းဖြင့် အနာဂတ်ကာလများတွင် သဘာဝဘေးအန္တရာယ်များကြောင့် အသက်၊ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်သောကြောင့် သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ တွင် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်တို့ကို ကြည့်ရှုအားပေးပြီး ဧည့်သည်တော်များနှင့်အတူ ခင်းကျင်းပြသထားသည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ မိုးလေဝသ၊ ဇလဗေဒ၊ ငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်း ၂၈ စောင် ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ လက်အောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိတက္ကသိုလ်များမှ ဆရာ ဆရာမများ၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့မှ ပညာရှင်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


