ရန်ကုန် မတ် ၁၄
ဓမ္မစကူးဖောင်ဒေးရှင်း(ဗဟို) တည်ထောင်ခြင်း (၁၄)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက အဂ္ဂမဟာ ပဏ္ဍိတ ဓမ္မစကူးဖောင်ဒေးရှင်း(ဗဟို) ဩဝါဒါစရိယ သီတဂူဆရာတော်ကြီး ဘဒ္ဒန္တဉာဏိဿရ တက်ရောက် ချီးမြှင့် ဩဝါဒမိန့်ကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တ (နေနတ်သား)ဆရာတော် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တ ကုမာရ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ၊ ဓမ္မစကူးဖောင်ဒေးရှင်း(ဗဟို) ဂုဏ်ထူးဆောင်နာယက စိန်ရတနာဆရာတော် ဒေါက်တာဘဒ္ဒန္တသာသနဝရ၊ ဓမ္မစကူးဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့် အနယ်နယ်အရပ်ရပ်မှ ပင့်ဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဓမ္မစကူး ဆရာ ဆရာမများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီတဂူဆရာတော်ကြီးအား ဖူးမြော်ပြီး လှူဖွယ် ပစ္စည်းများဆက်ကပ်ကာ ဓမ္မစကူးဖောင်ဒေးရှင်းအတွက် အလှူငွေများ လှူဒါန်းသည်။
ထို့နောက် ဧည့်ပရိသတ်များက ဆရာတော်ကြီးများထံမှ ဓမ္မစကူးဆိုင်ရာ ဩဝါဒကထာ နာယူကြပြီး ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်များ ဆက်ကပ်လှူဒါန်းကြကာ ရေစက်ချတရားနာယူ၍ နေ့ဆွမ်းဆက်ကပ်ကြသည်။
ဓမ္မစကူးဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ်များ ဗုဒ္ဓတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်ရန်၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မှ ဗုဒ္ဓတရားတော်များကို လက်တွေ့ ဘဝတွင် အသုံးချနိုင်သော အဆင့်မြင့် ဗုဒ္ဓဘာသာဝင် များဖြစ်လာရန်၊ ဆရာနှင့် ဒကာ ညီညာစွာလက်တွဲ၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


