မော်လမြိုင် မတ် ၄
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်သူက ရွေးချယ်ပေးသည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်နှင့်အညီ လွှတ်တော်၏တာဝန်များဖြစ်သည့် ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို အပြန်အလှန်ထိန်းညှိဆောင်ရွက်သွား ကြရမည်ဖြစ်သကဲ့သို့ ကိုယ်စားလှယ်များအားလုံးက ပူးပေါင်းပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်ကို ပြည်သူများက စိတ်ဝင်တစား ပူးပေါင်းလာသည်အမျှ ပိုမိုအားကောင်းပြီး ထိရောက်သည့် လွှတ်တော်တစ်ရပ်အဖြစ် ဖော်ဆောင်လာနိုင်မည်ဖြစ်၍ ပြည်သူများက ယုံကြည်အားထားမှုရှိသည့် လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ကိုယ်စားလှယ်အသိအမှတ်ပြုလွှာများ ပေးအပ်သည်။
ယင်းနောက် မွန်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦကျော်ဇင်ထက်က ပထမအကြိမ်နှင့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်လုပ်ငန်းဆောင်ရွက်ချက်များ(အနှစ်ချုပ်)၊ လွှတ်တော်ရုံးဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်စားလှယ်များ စရိတ်ချီးမြှင့်ငွေဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရေး စီမံချက်နှင့် ပထမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပပုံတို့ကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပပုံအကြိုသရုပ်ပြလေ့ကျင့်မှု ဗီဒီယိုကိုပြသပြီး မွန်ပြည်နယ်သတင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက လုံခြုံရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး လိုက်လံဂုဏ်ပြုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


