နေပြည်တော် မတ် ၄

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂ဝ၂၆)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ယခုသင်တန်းတွင် တက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသဘောတရားများကို သေချာစွာ နားလည်သဘောပေါက်မှသာ သဘာဝဘေးလျော့ပါးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချဆွေးနွေးမှုများအား စိတ်ဝင်တစား ဂရုတစိုက် သင်ယူမှတ်သားလေ့လာပြီး ရရှိသည့်အသိပညာ၊ ဗဟုသုတ အတွေ့အကြုံများကို မိမိတို့မြို့နယ်များတွင် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများကို ပေးအပ်သည်။

 

အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး (ဆင့်ပွား)သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်၍ မတ် ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်သည်။

အောင်သူရဦး(ဒက္ခိဏ)