ဘားအံ မတ် ၄
ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကြီးမှူး၍ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ဘားအံ)၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော လျှပ်စစ်ဆိုလာ တပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့နယ် ဘုရားကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် သင်တန်းသားများ၏ ဘဝရပ်တည်နေထိုင်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည့်သင်တန်းဖြစ်ပြီး သင်ကြားပို့ချပေးသော သင်ခန်းစာများကို သေချာစွာ လေ့လာမှတ်သားအသုံးချ၍ မိမိဘဝ တိုးတက်အောင်မြင်နိုင်ရေးအတွက် စနစ်တကျသင်ယူကာ အောင်မြင်သည့် ပန်းတိုင်သို့ ရောက်ရှိနိုင်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ခေတ်နှင့်အညီ တိုးတက်လာသည့် ဆိုလာနည်းပညာကို တတ်ကျွမ်းမည်ဆိုပါက ခိုင်မာသည့်အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်သည်အထိ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်တွေ့ဘဝနယ်ပယ်တွင် အသုံးချနိုင်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ် သမားညွှန်ကြားရေးဦးစီးဌာနမှူးက သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဒေသခံမိဘပြည်သူများနှင့် သင်တန်းသား သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်းကို ဘုရားကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား ၂၀ တက်ရောက်ကြပြီး ကျွမ်းကျင်နည်းပြများက စာတွေ့၊ လက်တွေ့နှင့် လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံများကို မတ် ၄ ရက်မှ ဧပြီ ၄ ရက်အထိ တစ်လကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


