မှော်ဘီ မတ် ၃

 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့က ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယတန်း၊ ပထမပြန်တန်းနှင့် အဘိဓမ္မာ, ဝိသုဒ္ဓိမဂ် စာမေးပွဲတို့ကို ဖြေဆိုအောင်မြင်ကြသော သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ လူပုဂ္ဂိုလ်အပေါင်းတို့အား ဂုဏ်ပြုဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့က မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

 

ဆုပေးပွဲ အခမ်းအနားတွင် သာသနဓဇ ဓမ္မာစရိဘွဲ့ရ သံဃာတော်သုံးပါး၊ သီလရှင် ဆရာလေး ငါးပါး၊ ပထမကြီးတန်းအောင် ၂၂ ပါး၊ ပထမလတ်တန်း အောင် ၃၈ ပါး၊ ပထမငယ်တန်းအောင် ၈၅ပါး၊ အခြေပြု မူလတန်းအောင် ၁၃၅ ပါး၊ ဝိသုဒ္ဓိမဂ် ဒုတိယ ဆင့်အောင်ဆရာလေး နှစ်ပါး၊ အဘိဓမ္မာဂုဏ်ထူးဆောင် ဒုတိယဆင့်၊ တတိယဆင့် နှစ်ဆင့်အောင် ဆရာလေးတစ်ပါး၊ အဘိဓမ္မာ ရိုးရိုးအောင်ဆရာလေး ၁၄ ပါး၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် အောင်မြင်သူလူပုဂ္ဂိုလ် ၅၉ ဦး အောင်မြင်သူများအား မှော်ဘီမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အလှူရှင်အပေါင်းတို့က အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများ ဆက်ကပ်ချီးမြှင့်ခဲ့သည်။

 

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုခဲ့ပြီး အခမ်းအနားရုတ်သိမ်းကာ ဆရာတော် သံဃာတော်နှင့် သီလရှင်ဆရာ လေးအပါး ၄၀၀ ကျော်တို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)