ရန်ကုန် မတ် ၃
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်အသီးသီးမှဥက္ကဋ္ဌများ၊ အားကစား ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများအတွက် အားကစားအထောက်အကူပြုပစ္စည်များနှင့် သင်တန်းအင်္ကျီများကိုလည်းကောင်း၊ သရုပ်ပြအဖွဲ့များ၊ ဘင်ခရာနှင့် ပန်းဖွားအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့သိုင်း၊ အေရိုးဗစ်၊ တိုက်ကွမ်ဒို၊ ဝူရှူးနှင့် ကျွမ်းဘားအားကစားအဖွဲ့များက သရုပ်ပြသနေမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ နွေရာသီ အခြေခံအားကစားသင်တန်းများတွင် စက်ဘီး၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ လက်ဝှေ့၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ကျွမ်းဘား၊ ဝူရှူး၊ ဘောလုံး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း/ဗိုမီနမ်၊ ဘော်လီဘော၊ ရေကူး၊ ခရစ်ကက်၊ ဘိလိယက်နှင့် စနူကာ၊ အလေးမနှင့် မြားပစ် စုစုပေါင်း အားကစားနည်း ၂၄ နည်း တို့ကို မတ် ၁ ရက်မှ ၃၁ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သူ့ရင်ပြင်၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး၏ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်သည်။
ဦးစွာ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဆောင်ရွက်မှု မှတ်တမ်း ဗီဒီယိုကိုပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြန်မာအာကာသ အေဂျင်စီ အမှုဆောင်အရာရှိချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ အကဲဖြတ်ဒိုင်ချုပ် ကိုယ်စားလှယ် ဦးသစ်လွင်စိုးက ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာအာကာသ အေဂျင်စီအမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတို့တွင် အထူးဆု၊ ပထမ၊ ဒုတိယ၊ တတိယရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ အကဲဖြတ်ဒိုင်အဖွဲ့နှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီပေးကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်များ၏ အမှတ်တရလက်ရာမွန်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


