မကွေး မတ် ၃

 

၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း ခံရသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မကွေးမြို့ မြသလွန်စေတီတော်ရင်ပြင် မဟာဝိဇယရံသီ တန်ဆောင်းတော်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဧည့်ပရိသတ်များက မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်) တိုက် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တ ပညိန္ဒက သမ္မောဒနီယ ဩဝါဒကထာ မြွက်ကြားချီးမြှင့် တော်မူသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အထူးပင့်ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ သီလရှင်ဆရာကြီးတစ်ပါး၊ လူပုဂ္ဂိုလ်တစ်ဦးတို့အား သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ထံမှ ရေစက်ချ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အထူးပင့် သံဃာတော်များ၊ ဘွဲ့ခံဆရာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)