နေပြည်တော် မတ် ၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူ စံပြစိုက်ခင်းတွင် စိုက်ပျိုးထားသည့် မျိုးမြှင့်တင် ရွေးချယ်ထားသော ၇၄ ရက်သားရှိသည့် ဆင်းရွှေကြာ-၂ နေကြာ စိုက်ခင်းနှင့် စပ်မျိုးပြောင်း ၁၄ မျိုး အချင်းချင်း မျိုးကူးစပ်ခြင်းနည်းဖြင့် ဆောင်ရွက်၍ ပြောင်းဖူး Composite မျိုးများရရှိရန် မွေးမြူခြင်းစိုက်ခင်း၊ ပန်းနှမ်း၊ ပဲယဉ်းနီ၊ ပဲပုပ်ရေဆင်း ၁၅ ပေါင်ဖော်ကြဲပက်စိုက်နည်းစနစ် စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံပြီး နေကြာသီးနှံကို ရာသီအလိုက် အလှည့်ကျ အပွင့်အရွယ်အစားနှင့် အထွက်တိုးစေနိုင်မည့် အပင်ပုံစံတို့ကို အချင်းချင်းဝတ်မှုန်ကူးစေခြင်းနည်းဖြင့် အပင်များအား ရွေးချယ်ပြီး နောက်တစ်ရာသီတွင် ပြန်လည်စိုက်ပျိုး၍ နှစ်စဉ်မျိုး ထိန်းမြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ဒေသနှင့် ကိုက်ညီမည့် အပင်များကိုသာ ဂရုတစိုက်ရွေးချယ် ဝတ်မှုန်ကူးစေ၍ စိုက်ပျိုးထုတ်လုပ်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် မျိုးမွေးမြူရေးလုပ်ငန်းများတွင် အခြေခံကြသော မျိုးကောင်းထုတ်လုပ်ရေးသည် အရေးကြီးသဖြင့် သီးသန့်အခြေခံ မျိုးကွဲစုများဖန်တီး၍ ရွေးချယ်ရန်နှင့် စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် မျိုးမြှင့်တင်မှုများပြုလုပ်ရန် လိုအပ်ကြောင်း၊ နေကြာစိုက်ပျိုးရေးလုပ်ဆောင်ရာတွင် “နေကြာ စိုက်ပါ ပျားမွေးပါ၊ ပျားရည်လည်း ရ ဆီလည်းရ၊ “နေကြာနှင့် ပျားတူယှဉ်ထား ဂေဟစီးပွား အကျိုးများ ဆိုသည့်အတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် စိုက်ပျိုး ရေးသိပ္ပံကျောင်းဝင်း၌ တတိယနေ့အဖြစ် ကျင်းပလျက်ရှိသည့် Seed Fair 2026 (မျိုးစေ့ပြပွဲ ၂၀၂၆)သို့ တက်ရောက်ပြီး လေ့လာရေး တောင်သူများအားတွေ့ဆုံ၍ တောင်သူများအနေဖြင့် မိမိစိုက်ချင်သည့် သီးနှံကိုစိုက်ခြင်းထက် စျေးကွက်ရှိသီးနှံကို ဦးစားပေး၍ လူထုအခြေပြုစနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ စပါးအပြီး ပဲစင်းငုံကို စမ်းသပ်စိုက်ပျိုးကြည့်ရန်နှင့် အောင်မြင်ပါက စီးပွားရေးအရ ပိုမိုအကျိုးအမြတ်ရှိနိုင်ကြောင်း၊ ဒေသအလိုက် သုတေသန ပြုလုပ်ရန်လိုအပ်ပြီး စိုက်ပျိုးရေး ပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားကာ တောင်သူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် တောင်သူများနှင့်အတူ GAP ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းကို သွားရောက် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်