ပုသိမ် မတ် ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာတွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။
ဦးစွာ တောင်သူလယ်သမားနေ့ အခမ်းအနား မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် စိုက်ပျိုးပြသထားသည့် ဆီထွက်သီးနှံနေကြာ စိုက်ခင်း၊ သစ်သီးဝလံပန်းမန်ဥယျာဉ်၊ အိမ်ခြံဝန်း ဟင်းခင်းပဒေသာငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသည့် သီးနှံစုံ စိုက်ခင်းများနှင့် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားပြီး “စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်းမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားသည် ရုပ်ဝတ္ထုသဏ္ဌာန်အားဖြင့် ပြည့်စုံသည်ဟု ပြောရမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များစွာရှိနေပါကြောင်းနှင့် ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက် ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူဦးကြီးများကလည်း ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုကြောင်း” တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားဆက်လက်ပြောကြားသည်။
ယင်းနောက် မိုးစပါးသီးနှံစိုက် ထူးချွန်တောင်သူ ဆု၊ ပီလောပီနံ သီးနှံစိုက်ထူးချွန်တောင်သူဆု၊ ပဲပုပ်- ပဲကြီးသီးနှံစိုက်ထူးချွန်တောင်သူဆု၊ သီဟိုဠ် သီးနှံစိုက်ထူးချွန်တောင်သူဆု၊ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းရှင်ထူးချွန်ဆု၊ ရော်ဘာ၊ နာနတ်စိုက်ပျိုးရေး ထူးချွန်တောင်သူဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထူးချွန်ဆုရရှိသူများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


