ပုသိမ်ကြီး မတ် ၂

 

ပုသိမ်ကြီးမြို့နယ်ရှိ သစ္စာ အဓိဋ္ဌာန် ရွှေစာရံမြတ်စွာဘုရား ၏ (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

 

ကြည့်ရှုအားပေး

ဦးစွာ မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အောင်မြေသာစံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရ သစ်ပင်စိုက်ပျိုးကြသည်။ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဇီဝိတဒါနအဖြစ် ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး စုစုပေါင်း အကောင်ရေ နှစ်သောင်းကို ဒုဋ္ဌဝတီမြစ်အတွင်း လွှတ်ပေးကြပြီး ပွဲဈေးတစ်လျှောက် လိုက်လံကြည့်ရှုကာ မြန်မာ့ခြင်းအလှခတ်ပွဲကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်နှင့် ဝန်ကြီးများသည် သစ္စာအဓိဋ္ဌာန် ရွှေစာရံ မြတ်စွာဘုရားအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသန္တက မဟာဓမ္မဗိမာန်တော်ကြီးတွင် ဆက်လက်ကျင်းပရာ ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ နာယက ဆရာတော် ဘဒ္ဒန္တဃောသိတထံမှ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသည့် ပရိတ်တရားတော်များကို နာယူကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)