ပဲမျိုးစုံလှိုင်လှိုင်ပေါ်ရာသီကာလ၌ မန္တလေး ပဲဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်စည်ကားနေ

မန္တလေး ၁၁ မတ် 

ယခုရာသီကာလသည် မြန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိလာသည့် ပဲမျိုးစုံများ မန္တလေးဈေးကွက်အတွင်းသို့ လှိုင်လှိုင်ပေါ် ဝင်ရောက်လာသော်လည်း အရောင်းအဝယ်များ တုံ့ဆိုင်းသွားခြင်းမရှိ သွက်လက်မြန်ဆန်စွာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း မန္တလေးမြို့ရှိ ပဲကုန်သည်များထံမှ သိရသည်။

 

2222

 

''အရင်နှစ်တွေက ဒီလိုလှိုင်လှိုင်ပေါ်ချိန်မှာ ဈေးကွက်အနေထားက အေးစက်ထိုင်းမှိုင်းသွားခဲ့ပေမယ့် ဒီနှစ်မှာတော့ ဈေးအတက်အကျတွေ ရှိပေမယ့်လည်း အရောင်းအဝယ်တွေ သွက်လက်မြန်ဆန်ပြီး ဈေးကွက်စည်ကားနေတာကို တွေ့ရတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံ အပြိုင်ဝယ်ယူနေတဲ့ ပဲအမျိုးအစားတွေကြောင့်လည်း ပါဝင်သလို ပြည်တွင်းကုန်သည်တွေက သိုလှောင်ထားဖို့ ဝယ်ယူနေတာကြောင့်လည်း ဖြစ်ပါတယ်''ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်၌ မန္တလေးပဲဈေးကွက်တွင် မြေတောင့်ပဲများမှာ ယမန်နှစ် ယခုလိုလှိုင်လှိုင်ပေါ်ချိန်၌ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းသာ ရရှိခဲ့သော်လည်း ယခုနှစ်၌ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ အပြိုင်ဝယ်ယူမှုကြောင့် မတ် ၁၁ ရက်တွင် ၁၁၉၀ဝ၀ အထိ ရောက်ရှိနေပြီး ယမန်နှစ် လှိုင်လှိုင်ပေါ်ချိန်၌ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်ကိုးသောင်းနှုန်း ရရှိခဲ့သည့် ထောပတ်ပဲမှာလည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်းမွန်မှုကြောင့် မတ် ၁၁ ရက် ပေါက်ဈေးမှာ ငွေကျပ် ၁၀၅၀ဝ၀ အထိ ရရှိနေကြောင်း သိရသည်။

ထို့အတူ ယမန်နှစ် လှိုင်လှိုင်ပေါ်ချိန်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် လေးသောင်းနှုန်းသာ ရရှိခဲ့သည့် ပဲစင်းငုံသီးနှံမှာလည်း ယနေ့တွင် ကျပ် ခုနစ်သောင်းရှစ်ထောင်နှုန်းအထိ ပေါက်ဈေးရှိနေပြီး ပဲဇီးကွက်၊ ပဲကြီးနှင့် ကုလားပဲဖြူကြီး(V2) သီးနှံများမှာ ယခုရက်ပိုင်း၌ ဈေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။

''ဒီအချိန်မှာ ထောပတ်ပဲနဲ့ ပဲစင်းငုံဈေးတွေက မနှစ်ကထက် ဈေးပိုရတဲ့အတွက် ဒီနှစ်စိုက်ပျိုးဖို့အတွက်တော့ အားတက်စရာပါ။ ပဲစင်းငုံကို အရင်ဈေးနှုန်းတွေအတိုင်း ပြန်ဖြစ်လာဖို့အတွက်တော့ အိန္ဒိယရဲ့ ဝယ်အားကိုပဲ အားကိုမျှော်လင့်ရမှာပါ'' ဟု စဉ့်ကူးမြို့နယ်မှ တောင်သူ ကိုချမ်းအေးက ပြောသည်။

ယခုနှစ်ပဲမျိုးစုံ လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးကောင်းရရှိနေသည့် မြေတောင့်ပဲနှင့် ထောပတ်ပဲများမှာ တစ်နှစ်တွင် တစ်ရာသီသာ ဆောင်းသီနှံအဖြစ် စိုက်ပျိုးထွက်ရှိပြီး ထောပတ်ပဲကို စိုက်ပျိုးရေးဌာနမှ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ နွားထိုးကြီးနှင့် မလှိုင်မြို့နယ်များတွင် စံပြစိုက်ကွင်းများ ပြုလုပ်၍ အားပေးစိုက်ပျိုးမှုများရှိကြောင်း သိရသည်။ 

အောင်ဖြိုးကျော်