စေတုတ္တရာ ဒီဇင်ဘာ ၁၇
စေတုတ္တရာမြို့နယ်တွင် အရင်းအနှီးကုန်ကျစရိတ် အလွန်နည်းပါးပြီး ဝင်ငွေပိုမိုရရှိသည့် ငှက်ပျောစိုက်ပျိုးခြင်းလုပ်ငန်းကို ဒေသခံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများက တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။
ငှက်ပျောမျိုးပေါင်း အမျိုးအစားများစွာရှိသည့်အနက်မှ စိုက်ပျိုးရာတွင် ရင်နှီးကုန်ကျစရိတ်အလွန် နည်းပါးပြီး လအနည်းငယ်အတွင်း ထွက်ရှိသည့် ရခိုင်ငှက်ပျောနှင့် ဖီးကြမ်းငှက်ပျောမျိုးများကို ပိုမိုစိုက်ပျိုးကြကြောင်းနှင့် သဘာဝမြေဩဇာ (နွားချေး)ကိုသာ ထည့်သွင်းစိုက်ပျိုးပြီး ဓါတုဆေးဝါး အသုံးပြုခြင်း မရှိသည့်အတွက် ဝယ်ယူစားသုံးသူများက ပိုမိုနှစ်သက်ကြကြောင်း သိရသည်။
ငှက်ပျောပင်သည် စိုစွတ်သောအနေအထားကို ကြိုက်နှစ်သက်သော်လည်း ရေဝတ်သောမြေကို မကြိုက်ကြောင်း၊ စိုက်ပျိုးရာတွင် ပင်ကြား၊ တန်းကြား ၁၂ ပေစီ ထားရှိစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး ၈ လအရွယ်ရောက်ပါက ပင်မအပင်ကြီးမှ ငှက်ပျောခိုင်များရရှိကာ နောက်ထပ် ၄ လ အကြာတွင် ပင်မကြီး၏ ဘေးအတက်များမှလည်း ငှက်ပျောခိုင်များရရှိကြောင်း၊ အပင်ပွား (အတက်) များစွာရှိလာမည်ဖြစ်သော်လည်း သန်သောအပင်ပွားကိုသာ ထားရှိမွေးမြူရန်လိုအပ်ကြောင်း၊ ငှက်ပျောခိုင် ထွက်ရှိမှုအနေဖြင့် တစ်ခိုင်လျှင်ငှက်ပျောဖီး ၂၀ ပါရှိကာ တစ်ဖီးလျှင်၂၅လုံး ပါရှိပြီး ဈေးနှုန်းအနေဖြင့် ဒေသပေါက်ဈေးနှုန်း ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ငွေကျပ် ၂၅၀၀ ကျပ်၊ ရခိုင်တစ်ဖီးလျှင် ၈ဝဝ ကျပ် ဖြင့်ရောင်းချရ၍ အပိုဝင်ငွေရရှိသည့်အတွက် မိမိတို့၏ မြေလွတ်နေရာများတွင် စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း ငှက်ပျောစိုက်ပျိုးသူများထံမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)


