ရန်ကုန် နိုဝင်ဘာ ၂၈

 

ရန်ကုန်မြို့တွင် ရေထွက်ကုန်များအဓိကဖြန့်ဖြူးရာ ရွှေပိတောက်ငါးဈေးကြီးမှ ပြည်ပဈေးကွက်သို့ ရေထွက်ပစ္စည်းများ နေ့စဉ်တင်ပို့စီးဆင်းလျက်ရှိကြောင်း ရွှေပိတောက်ငါးဈေး သာယာရေးကော်မတီမှ  သိရသည်။

 

 “ဈေးကို တစ်ရက်ကို ရေချိုထွက်ကုန် ကုန်ချိန်က ၃ သိန်းခန့် ဝင်ပါတယ်။ ဒီရေချိုထွက်ကုန်တွေကို ဥရောပနဲ့ အရှေ့ အလယ်ပိုင်းနိုင်ငံတွေကို တင်ပို့ပါတယ်” ဟု ရွှေပိတောက် ငါးဈေးသာယာရေးကော်မတီဥက္ကဋ္ဌ  ဦးအေးကိုက ပြောသည်။

 

လက်ရှိ ဆောင်းဦးကာလသည် ငါးကန်ဖော်ချိန်ဖြစ်၍ ရေချိုထွက်ကုန်များ လှိုင်လှိုင်ဝင်‌ရောက်လျက်ရှိပြီး ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ တီလားဖီးယား၊ ငါးခုန်းမ၊ ငါးမုန့်၊ ငါးပြေမ၊ ငါးခူ၊ ငါးကျည်း၊ ငါးရံ့၊ ငါးပနော်၊ ငါးဖယ်၊ ပုစွန် အပါအဝင် ရေထွက်ကုန်အမျိုးအစား ၃၀ ခန့် ဝင်ရောက်မှုရှိကြောင်း သိရသည်။

 

“ဆောင်းရာသီအစမှာ ရေချို/ရေငန်နှစ်မျိုးလုံး ဝင်ရောက်နေပါတယ်။ ပြည်တွင်းမှာ မွေးမြူတဲ့‌ ရေချိုငါး ဆိုဒ်အသေးတွေကို ပြည်တွင်းဈေးကွက်ပို့ပြီး ရောင်းတန်းဝင်ဆိုဒ်ကြီးတွေကို ပြည်ပပို့ကြတာဖြစ်ပါတယ်။ ငါးမွေးတောင်သူတွေအနေနဲ့ ပြောင်းလဲလာတဲ့ဈေးကွက်နဲ့ အထွေထွေကုန်ကျစရိတ် မြင့်မားလာတာတွေကြောင့် မလိုက်နိုင်ကြတာတွေလည်း ရှိလာ တယ်။ သို့ပေမယ့် ပြည်တွင်းစားသုံးမှုဖူလုံမှုနဲ့ ပြည်ပပို့ကုန်အတွက် တတ်နိုင်သမျှ မွေးမြူထုတ်လုပ်နေကြပါတယ်” ဟု ရွှေပိတောက် ငါးဈေးသာယာရေးကော်မတီဥက္ကဋ္ဌက ပြောသည်။

 

ထို့ပြင် ရွှေပိတောက်ငါးဈေးကြီးသို့ ပင်လယ်ပြင်မှ ရရှိသည့် ပလာတူး၊ ပလာတူး မျက်ကျယ်၊ ရွှေငါး၊ ပီတာ၊ ကကတစ်၊ ငါးခုံးမ၊ ငါးစဉ်းလုံး၊ ငါးမွှေထိုး၊ ငါးပါးနီ၊ ငါးလိပ်ကျောက်၊ ငါးလိပ်စွန်၊ ဆမားလိပ်ကျောက်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ တိုက်ဂါးပုစွန်၊ ဖလားဝါးပုစွန် အပါအဝင် ရေငန် ထွက်ကုန်အမျိုးအစား ၂၀ ကျော် ကုန်ပိသာချိန် တစ်သိန်းကျော်ဝင် ရောက်မှုရှိကြောင်း သိရသည်။

 

“ရွှေပိတောက်ငါးဈေးကို ပင်လယ်ပြင်ကငါး/ပုစွန်တွေ ဝင်နေပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ ပြည်တွင်း စားသုံးမှုအပြင် ပြည်ပပို့ကုန်အနေနဲ့ ငါးတံခွန်အကြီး၊ ငါးမုန့် အဖြူ/ အမဲ၊ ငါးသင်ဝါ၊ ငါးပါးနီ၊ ငါးခုံး၊ ငါးရွှေ၊ တိုက်ဂါးပုစွန်၊ ဖလားဝါးပုစွန်နဲ့ ရွှေပုစွန်ရေထွက်ကုန်တို့ကို အများဆုံးတင်ပို့ပါတယ်။ ပင်လယ်ရေထွက်ကုန်တွေကို တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မလေး၊ ထိုင်း ကိုတင်ပို့ပြီး စင်ကာပူကို အနည်းငယ်ပို့တာရှိတယ်။ အများအားဖြင့် တရုတ်ကိုယ်စားလှယ်တွေက ရေငန်ထွက်ကုန်ကို အအေးခန်းမှာသိုလှောင်ပြီး အများဆုံး ဝယ်ယူ တင်ပို့တာရှိပါတယ်” ဟု ရေထွက်ကုန်လုပ်ငန်းရှင် ဒေါ်တင်နွှဲ့က ပြောသည်။         

 

ရွှေပိတောက်ငါးဈေးကြီးသည် နေ့စဉ် နံနက်  ၃ နာရီမှ စတင်ကာ ရောင်းဝယ်ဖောက်ကားမှုများဖြင့် တစ်နေ့တာလုံး စည်ကားပြီး ည ၇ နာရီတွင် ဈေးပိတ်သိမ်းကြောင်း အဆိုပါဈေးမှ သိရသည်။

ဓာတ်ပုံ - ဇွဲမာန်၊ သစ္စာ(MNA)