ရန်ကုန်၊ အောက်တိုဘာ ၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ပြုလုပ်သည့် ဆိပ်ကမ်းလုပ်ငန်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းဝန်ထမ်းမိသားစု အိမ်ရာရှိ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆက်စပ်ဌာနများ၊ ဆိပ်ကမ်း တံတားများ၊ သင်္ဘောလိုင်းများ၊ ပို့ကုန်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ဝန်ဆောင်မှု လုပ်ငန်းရှင် အသင်းအဖွဲ့များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးရာ လာမည့်ပွင့်လင်းရာသီတွင် မြန်မာ့လယ်ယာထွက်ပို့ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှ ဘေးကင်းလုံခြုစွာဖြင့် တင်ပို့နိုင်ရေးအတွက် ရန်ကုန်ရှိ ဆိပ်ကမ်းတံတားများနှင့် လုပ်ငန်းအပိုင်းအလိုက် စွမ်းဆောင်ရည် (Performance) နှင့် ကိုင်တွယ်စွမ်းအား (Productivity) ပိုမိုကောင်းမွန်စေရေး၊ အဓိကသက်ဆိုင်သူများဖြစ်ကြသည့် ဆိပ်ကမ်းတံတားများ၊ သင်္ဘောလိုင်းများ၊ သွင်းကုန်/ ပို့ကုန်လုပ်ငန်းရှင်များ၊ ဝန်ဆောင်မှု လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အစိုးရဌာန/ အဖွဲ့အစည်းများအကြား ချိတ်ဆက်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရေးတို့အတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလည်ပတ်မှုပုံစံများ၊ ကြုံတွေ့ခဲ့ရသည့်အခက်အခဲများနှင့် နှောင့်နှေးကြန့်ကြာစေသည့် အကြောင်းအရင်းများအပေါ် ဆွေးနွေးသုံးသပ်ကြပြီး ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖော်ထုတ်တင်ပြပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ဆွေးနွေးမည့်ပုံစံ၊ အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဆိပ်ကမ်းတံတားများ၊ လုပ်ငန်းဌာနများ၊ သင်္ဘောလိုင်းများနှင့် လုပ်ငန်းရှင် / ဝန်ဆောင်မှု အသင်းများမှ တာဝန်ရှိသူများက ဆိပ်ကမ်းလုပ်ငန်း လည်ပတ်မှုဆိုင်ရာများကို လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့ ၅ ဖွဲ့မှ အဖွဲ့လိုက် ဆွေးနွေးဖော်ထုတ်ချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဆိပ်ကမ်းလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို အနှစ်ချုပ်သုံး သပ်တင်ပြခြင်းတို့ဆောင်ရွက်ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



