နေပြည်တော်   စက်တင်ဘာ   ၂၇

 

၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း(ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊           နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊     ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များ၊ ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းကိုယ်စားလှယ်များ၊ ၂၀၂၄ ခုနှစ်၊   ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့       

အခမ်းအနားများ ကျင်းပလျက်ရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး ရရှိနိုင်သည့် လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့်  စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကို   ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်ပြီး ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ ဖွဲ့စည်း တည်ထောင်မှုဆိုင်ရာ  ပဋိညာဉ်ကို အတည်ပြုခဲ့သည့် ၁၉၇၀ ပြည့်နှစ်၊   စက်တင်ဘာ  ၂၇  ရက်ကို  ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ယခုရက်၌ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်းအနားများကို ကျင်းပလျက်ရှိကြကြောင်း။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်အလိုက် ဆောင်ပုဒ်များသတ်မှတ်၍ ကျင်းပခဲ့ပြီး ယခုနှစ်အတွက် “ခရီးသွား နှင့် ငြိမ်းချမ်းရေးလက်တွဲတူယှဉ်ဖော်ဆောင်ပေး - Tourism and Peace ”  ဆိုသည့်  ဆောင်ပုဒ်ဖြင့် ဂျော်ဂျီယာနိုင်ငံ၊  ထရီဗီလီဆီမြို့၌  ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပလျက်ရှိကြောင်း။

 

အမည်ပြောင်းလဲသတ်မှတ်

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အပြည်ပြည်ဆိုင်ရာ နားလည်မှု ရရှိစေရေး၊  ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ လူ့အခွင့်အရေးကို  လေးစားရေး၊ လူမျိုးရေးခွဲခြား မှုကင်းသည့် အခြေခံလွတ်လပ်ခွင့်ရရှိရေး၊ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် တန်းတူအခွင့်အရေးရရှိရေးတို့ကို ဆောင်ရွက်နိုင်ရန်  ရည်ရွယ်ပြီး ၁၉၇၆ ခုနှစ်တွင် “ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization-UNWTO)” ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယနေ့အချိန်တွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀ ၊ တွဲဖက်အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်း ၅၀၀ ကျော်တို့ပါဝင်ကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး “ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)” ဟု အမည်ပြောင်းလဲသတ်မှတ် ခဲ့ကြောင်း။

 

တစ်ကမ္ဘာလုံးခရီးသည် လှည့်လည်သွားလာမှု

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံး ဝန်ဆောင်မှုလုပ်ငန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းများစွာ  ဖန်တီးပေးနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စာရင်းဇယားများအရ ကိုဗစ် - ၁၉   ကပ်ရောဂါ မဖြစ်ပွားမီအချိန်က  ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ခရီးသည်စုစုပေါင်း  ၁ ဒသမ ၅ ဘီလီယံ လှည့်လည်သွားလာခဲ့ပြီး  ခရီးသွားလုပ်ငန်းမှ ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံ ရရှိခဲ့ကြောင်း၊  ခရီးသွားလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ GDP တွင်  ၁၀ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်း ၃၃၀ ကို ဖန်တီးပေးနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း။

 

ခရီးသွားလာမှုမှတစ်ဆင့် မတူညီသည့်နိုင်ငံများ၊ လူမျိုးများ၏သမိုင်း၊   ယဉ်ကျေးမှု၊    ဘာသာရေး၊ အတွေးအခေါ်၊ ယုံကြည်မှု၊ ဓလေ့ထုံးစံများကိုသိရှိပြီး လေးစားလိုက်နာခြင်း၊  ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ ကမ္ဘာ့နိုင်ငံများ အချင်းချင်း  ခရီးသွားလာမှုပူးပေါင်း ဆောင်ရွက်ခြင်း၊    ခရီးသွားအတွေ့အကြုံများမှ တစ်ဆင့် ကမ္ဘာကြီးငြိမ်းချမ်း ရေးကို  တည်ဆောက်နိုင်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေးရရှိစေရန် ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရကြောင်း၊   ယနေ့မျက်မှောက်ကမ္ဘာကြီးတွင် အရေးအကြီးဆုံး လိုအပ်သည့်အရာများမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးတို့ဖြစ်ပြီး    နိုင်ငံတစ်နိုင်ငံ၊    လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်အားလုံးစုပေါင်း၍ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်နေကြသည် ကိုလည်း တွေ့ရကြောင်း။

 

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ

လာရောက်လည်ပတ်ကြရန်ဆွဲဆောင်နိုင်

အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ   ပိုင်ဆိုင်ထားပြီး   မတူကွဲပြားခြားနားသည့်   ယဉ်ကျေးမှုများနှင့် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော်   ပေါင်းစည်းနေထိုင်ကြကြောင်း၊ အရှေ့တောင်အာရှဒေသတွင် မဟာဗျုဟာ မြောက်တည်ရှိပြီး   မပျက်စီးသေးသည့်   ကမ်းခြေ ခရီးစဉ်ဒေသများ၊   မြင့်မားသည့်တောင်တန်းများ၊ ကျွန်းစုများနှင့် မြေဩဇာကောင်းသည့်လွင်ပြင်များ ကြွယ်ဝသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ ထို့ပြင် ထူးခြားသည့်    သဘာဝအလှအပများ၊ သမိုင်းဝင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့များနှင့်  လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ပိုမိုလာရောက်လည်ပတ်ကြရန် ဆွဲဆောင်နိုင်သည့် အရာများပင်ဖြစ်ကြောင်း။

 

ခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်

မြန်မာနိုင်ငံအနေဖြင့်       နိုင်ငံတကာခရီးသွား ဧည့်သည်ရောက်ရှိမှုကို   ကြည့်မည်ဆိုပါက   ၂၀၂၃ ခုနှစ်တွင် ပြည်ပ ခရီးသွားဧည့်သည် တစ်သန်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပထမငါးလအတွင်း ငါးသိန်းကျော် ဝင်ရောက်ခဲ့ သည်ကို တွေ့ရှိရသည့်အတွက် ယခင်နှစ်ကထက် ခရီးသည်ဝင်ရောက်မှု ပိုမိုတိုးတက်လာမည်ဟု         မျှော်လင့်နိုင် ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်  စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့် နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထား ဆောင်ရွက် လျက်ရှိသည်ကို  အားလုံးအသိပင်ဖြစ်ကြောင်း။

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိလိုအပ်ချက်သည်       တိုင်းပြည် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင်  လက်တွေ့ကျပြီး ဖြစ်နိုင်သည့် လုပ်ဆောင်ချက်များကို  ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားခေါင်းဆောင်များ ကိုယ်တိုင်ကလည်း        နိုင်ငံတော်အစိုးရနှင့် လက်တွဲပြီး      ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင်     အားတက်သရော  ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည်ဆိုပါက  တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေး သည် လျင်လျင်မြန်မြန်  တိုးတက်ဖြစ်ထွန်း လာမည်ဖြစ်ကြောင်း၊   ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝကို ပြန်လည် ထူထောင်နိုင်မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး၏ အရသာနှင့် အသီးအပွင့်များကို  ရရှိခံစားလာနိုင်မည်ဖြစ်ခြင်း ကြောင့်  လက်ရှိဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးနှင့် ဒေသတည်ငြိမ် အေးချမ်းရေးကို ဦးစားပေး လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း။

 

ဝန်ကြီးဌာနနှင့် ခရီးသွားအဖွဲ့အစည်းများအနေဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသည် လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်များကို ခရီးသွားဧည့်သည်များထံ        အချိန်တိုတိုအတွင်း ထိထိရောက်ရောက်သိရှိစေမည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ဆောင်ရွက်သူများကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြား လိုကြောင်း။

 

“ခရီးသွားနှင့် ငြိမ်းချမ်းရေးလက်တွဲတူယှဉ် ဖော်ဆောင်ပေး” ဟူသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့        အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏  အနာဂတ်ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခရီးသွားလုပ်ငန်းကဏ္ဍဆောင်ရွက်သူများအားလုံး နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး တက်ညီလက်ညီ   ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက်  ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းစကား ရုပ်သံဗီဒီယိုနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ချက်များ   Video Clip   ကို ကြည့်ရှုကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်     ခရီးသွားမြှင့်တင်ရေး ဆိုင်ရာ   Short Video  ပြိုင်ပွဲနှင့်  ရောင်စုံဓာတ်ပုံ ပြိုင်ပွဲများတွင်   ဆုရရှိသူ များအား   ဆုများပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ကောင်စီတွဲဖက်အတွင်းရေးမှူးက ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဆောင်းပါးနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်းကောင်း၊  ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦးက   ကမ္ဘာ့ခရီး သွားလုပ်ငန်းနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆုရရှိသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြ သူများသည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ်  ခင်းကျင်း ပြသထားသည့်  တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသအလိုက်ပြခန်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင် အသင်းများမှ ပြသထားသည့်ပြခန်းများ၊ ဝန်ကြီးဌာနအလိုက်ပြခန်းများနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုပြခန်းများကို  စိတ်ပါဝင်စားစွာဖြင့်  လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်