နေပြည်တော် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှု အခြေအနေများ၊ ရှာဖွေကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို မှတ်တမ်းတင်ထားသည့် “သဘာဝဘေးအန္တရာယ်ကို ညီညွတ်မှုဖြင့် ရင်ဆိုင်ကျော်လွှားကြမည်” Video Clip ကို ဖွင့်လှစ်ပြသသည်။

အလှူငွေများအသီးသီး ပေးအပ်လှူဒါန်း

ထို့နောက် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဦးဝဏ္ဏမောင်လွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် စိတ်စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအပေါင်းကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ ယခုဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းသည် အလွန်အင်အားပြင်းထန်သည့် မုန်တိုင်းတစ်ခုဖြစ်ပြီး ထိခိုက်ပျက်စီးမှုများသည် လည်း အလွန်များပြားခဲ့ကြောင်း၊ မုန်တိုင်း ဟိုင်နန်ကျွန်းသို့ ဖြတ်ကျော်ချိန်တွင် ပြင်းထန်မှုရှိသည်ကို နိုင်ငံတကာမှထုတ်ပြန်သည့် သတင်းများအရ သိရှိခဲ့ကြောင်း၊ အတွေ့အကြုံများအရ ဗီယက်နမ်နိုင်ငံတွင် မုန်တိုင်းဝင်ပြီး နှစ်ရက်ခန့်အကြာတွင် မိမိတို့နိုင်ငံ၊ ရှမ်းပြည်နယ်အတွင်း၌ ပုံမှန်မိုးရွာသွန်းမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုအတိုင်းအတာအထိဖြစ်မည်ဟု မမျှော်မှန်းခဲ့ကြကြောင်း၊ တစ်ချိန်တည်းတွင် ဘင်္ဂလားပင်လယ်အော်၌လည်း လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေခဲ့ကြောင်း၊ ယင်းတို့၏ အရှိန်များကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့ရှိ မြို့နယ်အချို့တို့၌ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုကဲ့သို့ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုများကြောင့် တောင်ကုန်းတောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့ပြီး ရေစီးဆင်းရာလမ်းကြောင်းများ တစ်လျှောက် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုကြုံတွေ့ခဲ့ရသည့် ရေဘေးကြုံတွေ့ခဲ့ရသည့် ဒေသများတွင် လွန်ခဲ့သော နှစ်ပေါင်း၅၀ အတွင်း ယခုကဲ့သို့ ဆိုးရွားသည့် အခြေအနေ မကြုံတွေ့ခဲ့ဖူးကြောင်းကို သိရှိရကြောင်း၊ ညအချိန်မိုးရွာသွန်းမှုများပြားပြီး ရုတ်တရက် တောင်ကျရေများ အလုံးအရင်းဖြင့် စီးဆင်းလာခဲ့သဖြင့် ထိခိုက်မှုများပြားခဲ့ရခြင်း ဖြစ်ကြောင်း။

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက်ကြောင့် ခြောက်ပုံ တစ်ပုံ (၁၆ ရာခိုင်နှုန်း) ခန့် ရေကြီးခဲ့ကြောင်း၊ ယနေ့နံနက်ရရှိသည့် စာရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အဦပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြုပ်ခဲ့သည့် အဆောက်အဦပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ် မြုပ်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့ကြောင်း၊ နေပြည်တော်မှ ၁၆၄ ဦး၊ ကရင်ပြည်နယ်မှ ငါးဦး၊ ပဲခူးတိုင်းဒေသကြီးမှ နှစ်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၃၄ ဦး၊ ရှမ်းပြည်နယ် မှ ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ တစ်ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်း၊ ဘာသာရေးနှင့် ပတ်သက်ပြီး ၄၃၅ ကျောင်း ပျက်စီးခဲ့ကြောင်း၊ လမ်းတံတား ၅၃၃ ခု ရေမျောပျက်စီးခဲ့ကြောင်း၊ လျှပ်စစ်မီးတိုင် ၂၄၈၉ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန် သေဆုံးမှု ၁၄၄၉၉၈ ကောင်၊ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်း။

ယခုအချိန်သည် အားလုံးအတွက် အခက်အခဲများ ကိုယ်စီဖြစ်ပေါ်လျက်ရှိသည့် အချိန်ဖြစ်သော်လည်း အလှူငွေများ များစွာထည့်ဝင်ခဲ့ကြသည်ကို တွေ့ရှိရသည့်အတွက် များစွာဝမ်းမြောက်ရပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ အလားတူ ရေဘေးသင့် ပြည်သူများကိုလည်း အားလုံးမှ ဝိုင်းဝန်း၍လှူဒါန်းခြင်း၊ ကူညီကယ်ဆယ်ခြင်းများကိုလည်း အဆက်မပြတ် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ မြန်မာလူမျိုးများ၏ လှူချင်၊ တန်းချင်သည့် စိတ်များကြောင့် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းကြခြင်းဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူများအနေဖြင့် ရေရုတ်တရက် စီးဆင်းလာချိန်တွင် ရရာပစ္စည်းများကိုသာ ယူဆောင်လာရသဖြင့် အခက်အခဲများစွာရှိကြကြောင်း။

နိုင်ငံတော် အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲရန်လျာထားပြီး ယခုလှူဒါန်းသည့် စေတနာရှင်၊ အလှူရှင်များ ၏ အလှူငွေများဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ဆိုသည်မှာ ဖြစ်ပွားပြီးပါက အမြန်ဆုံးပြန်လည်ထူထောင်မှုပြုရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိအပါအဝင် နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် သဘာဝဘေး ဒဏ်များ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ယခင်နှစ်က ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် မိမိအနေဖြင့် ရခိုင်ပြည်နယ်နှင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတို့သို့ သွားရောက်၍ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီပုထိုးများသည် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သဖြင့် စနစ်တကျဖြင့် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေဝင်ရေထွက် ကောင်းမွန်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ခြင်း၊ ရေထုတ်စနစ်များ ဖော်ဆောင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခဲ့သဖြင့် ယခုမိုးသည်းထန်စွာ ရွာသွန်းခဲ့ချိန်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ ထိခိုက်ပျက်စီးမှုနည်းခဲ့ရခြင်း ဖြစ်ကြောင်း။

ရေကြီး ရေလျှံမှုများနှင့် ပတ်သက်၍ မိမိတို့နိုင်ငံရှိ မြစ်ချောင်းများတွင် ကြမ်းခင်း (Bed Level) များမှာ မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပြီး သဲနုန်းများ အနည်ချမှုများပြားလာခြင်းကြောင့် ဖြစ်ကြောင်း၊ အချို့နေရာများတွင် တရားမဝင် သစ်ထုတ်လုပ်မှုများရှိခြင်းနှင့် သစ်လုပ်ငန်းများမှ ထုတ်လုပ်သည့် သစ်များကို အချိန်မီသယ်ယူနိုင်ခြင်း မရှိခြင်းတို့ကြောင့် ရုတ်တရတ် မိုးအဆက်မပြတ် ရွာသွန်းပြီး ရေများကျဆင်းလာချိန်၌ ပျက်စီးမှုများကို ပိုမိုများပြားစေခဲ့ကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးဧက ခုနစ်သိန်းခန့် ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အချို့လယ်ယာများမှာ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပြုပြင်မှုများ များစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးရန် အဆင်မပြေတော့သည့် စိုက်ဧကများ၌ နွေသီးနှံများကို စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း။

ပညာရေးနှင့် ပတ်သက်၍လည်း ရေဘေးသင့်ဒေသများရှိ ပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားများအားလုံး အတန်းနှင့်လျော်ညီသည့် စာတတ်မြောက်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းများနှင့် ပတ်သက်၍လည်း ကူညီဆောင် ရွက်လိုပါက ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများကို နိုင်ငံတော်အစိုးရမှ အမြန်ဆုံးပြင်ဆင်တည် ဆောက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် စာအုပ်များနှင့် စာရေးကိရိယာများကိုလည်း အလှူရှင်များအနေဖြင့် လှူဒါန်းနိုင်ကြောင်း။

ယခုဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လေပြင်းတိုက်ခတ်မှု မရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန်လိုကြောင်း၊ နေထိုင်မှုများ စည်းကမ်းတကျရှိပါက ထိခိုက်ပျက်စီးမှုများ နည်းနိုင်မည်ဖြစ်ပြီး အမှိုက်များကို စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းကြောင့် ရေစီးရေလာများကို ထိခိုက်စေနိုင်ကြောင်း၊ ထိုမှတစ်ဆင့် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေနိုင်သဖြင့် နေထိုင်မှုများစည်းကမ်း တကျရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှူငွေများ လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားရာတွင် “စုပေါင်းအားနဲ့ ကျွန်တော်တို့ ကျော်လွှားရမှာ ဖြစ်ပါတယ်၊ ဒီနေ့ ခင်ဗျားတို့ လှူတဲ့ ပိုက်ဆံက ၃၁ ဘီလီယံကျော်ဟာ နည်းတဲ့ပိုက်ဆံ မဟုတ်ပါဘူး၊ ကျွန်တော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့လည်း ငွေသုံးရတာနဲ့ ပတ်သက်လို့ရှိရင်၊ သုံးချင်တိုင်းသုံးလို့လည်း မရပါဘူး၊ သုံးချင်သလို သုံးလို့ရှိရင် ဘတ်ဂျက်မှာလည်း သွားပြီးတော့ အများကြီးစကားပြောပါတယ်၊ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလိုက်တာလည်း ဖြစ်ပါတယ်၊ ကျွန်တော် မှတ်ထားပါမယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့၊ မှတ်ထားပါမယ်၊ ကျွန်တော် တစ်ကယ်မျှော်လင့်တုန်းက သုံးလေးဘီလီယံလောက်ပဲ မျှော်လင့်ပါတယ်၊ ထပ်လောင်း ပြောရလို့ရှိရင်၊ သဒ္ဓါတရားထက်သန်စွာနဲ့ ဒီနေ့ငွေတွေလာလှူပေးကြတဲ့ အလှူရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို ထပ်လောင်းပြီးတော့ ကျေးဇူးတင်ကြောင်း ထပ်လောင်းပြီး ပြောပါရစေ၊ နောင်မှာလည်း တိုင်းပြည်ရဲ့ လိုအပ်ချက်တွေရှိလာတဲ့ အခါမှာလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့အတွက်လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်၊ ကျွန်တော်တို့အနေနဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အတိုင်းပဲ ဖြစ်အောင်သွားပါမယ်၊ ကျွန်တော်တို့ တကယ်တန်းပြောရလို့ရှိရင်တော့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်က ပြီးခဲ့တဲ့ ဟိုနှစ်နှစ်ကတည်းက ပြီးရမှာပါ၊ အကြောင်းအမျိုးမျိုးကြောင့် မပြီးဘူးဖြစ်သွားပြီးတော့ ဒီဘက်အထိ ရှည်လာတယ်၊ အဲ့ဒီတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပြီးအောင် အကောင်အထည်ဖော်ချင်ပါတယ်၊ ဒီအတွက်လည်း ဝိုင်းဝန်းကူညီပေးကြဖို့လည်း ပြောလိုပါတယ်၊ လာမယ့် အောက်တိုဘာလ တစ်ရက်နေ့မှာ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အစီအစဉ်ရှိပါတယ်၊ ဒီမှာလည်း အောင်မြင်အောင်လည်း ဝိုင်းကူညီပေးကြဖို့နဲ့ အဲ့ဒီက နောက်ဆက်တွဲက ကျွန်တော်တို့က ဒီအပေါ်မှာ အခြေခံပြီးတော့ မဲစာရင်းတွေပြုစု၊ ပြီးလို့ရှိရင် ရွေးကောက်ပွဲတွေ ကျွန်တော်တို့လုပ်ပြီးတော့ နိုင်ငံတော်ကို ပြည်သူရွေးချယ်တဲ့ လမ်းကြောင်းအတိုင်း သွားကြဖို့ပဲ ဖြစ်ပါတယ်၊ ဒီမှာလည်း ဝိုင်းဝန်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းပြောကြားရင်းနဲ့ နိဂုံးချုပ်ပါ တယ်” ဟု ပြောကြားသည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယနေ့ နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းပွဲ အခမ်းအနားတွင် စုစုပေါင်းအလှူငွေ ငွေကျပ်သန်းပေါင်း ၃၂၂၃၀ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ) ကျော်ကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်