နေပြည်တော်၊ စက်တင်ဘာ  ၂
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိရာ မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အဦ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်စောဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ နည်းပြများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုများ ထပ်မံမဖြစ်ပွားစေရေး စနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အတွက် MEVM မဲပေးစက်နှင့် မဲစာရင်း ပြုစုရာတွင် မှန်မှန်ကန်ကန် တိတိကျကျဖြစ်စေမည့် Admin DEO ၊ CVLMS စနစ်များကို ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ MEVM မဲပေးစက်ဖြင့်မဲပေးရာတွင် မဲလက်မှတ်များ မလိုအပ်ဘဲ တိတိကျကျ မှန်မှန်ကန်ကန်ဖြင့် လွယ်ကူလျင်မြန်စွာ မဲပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံ နည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့၌ မဲရုံတွင် မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်း ပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို သင်ကြားပြသပေးမည်ဖြစ်ပြီး သင်တန်းသို့ တက်ရောက်ခြင်းဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချချိန်တွင် ကျွမ်းကျွမ်းကျင်ကျင် ညွှန်ကြားပြသနိုင်မည်ဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးစက်ဖြင့် မဲပေးခြင်းကို ကောင်းမွန်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ ရွေးကောက်ပွဲတွင် မဲပေးဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများသည် လွယ်ကူလျင်မြန်စွာဖြင့် သက်သောင့် သက်သာ မဲပေးနိုင်မည်ဖြစ်ပြီး မဲရလဒ်များကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာ ၂  ရက်မှ ၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်