နေပြည်တော် ၁ မတ်
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဦးတင်မြင့်၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အစည်းအဝေးသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းသည် ဆင်းရဲမှုလျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ မေလ (၁၇)ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၈) ဖြင့် လုပ်ငန်းတာဝန် (၁၁)ရပ် ချမှတ်ကာ ဒုတိယသမ္မတ ဦးစီး၍ (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။
ပထမအကြိမ်အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဇွန်လ (၁၅)ရက်တွင် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၀)ချက်ချမှတ်ခဲ့ရာ (၃)ချက်မှာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန်ဆုံးဖြတ်ချက် (၇)ချက်အနက် (၃)ချက်သည် ယနေ့အစည်းအဝေးတွင် အတည်ပြုရန်ဖြစ်ပြီး ကျန်ရှိသည့် ဆုံးဖြတ်ချက်(၄)ချက်မှာ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အမျိုးအစားအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် လူမှှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု အနေဖြင့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ (၃၀)ရက်ကတည်းက အတည်ပြုထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်းအစီအစဉ် (၈)ရပ်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အာဟာရဆိုင်ရာအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောဒေသများကို ဦးစားပေးရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့၌ ထပ်မံတိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသော ချေးငွေ International Development Association Fund (IDA Fund) နှင့် အစိုးရဘတ်ဂျက်တို့ အချိုးကျပေါင်းစပ်၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်ရန် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ လူမှုရေးပင်စင် ထောက်ပံ့ရေးအစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွားများကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက် (၈၅)နှစ်သို့ လျှော့ချကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဘက်စုံလူမှှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်ကို ရွေးချယ်ထားသော မြို့နယ် (၃၇)ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် လူမှှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူများကို မြို့နယ်အလိုက် သတ်မှတ်တာဝန်ချထားပေးနိုင်ခဲ့ပါကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေပြီး ထိရောက်မှုရှိစေရန် ကာလလတ် လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍအစီအစဉ် (Medium-term Costed Sector Plan) (၂၀၁၈-၂၀၂၃) ကိုလည်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ အဆိုပါကာလလတ် လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ အစီအစဉ်ကို အမျိုးသားအဆင့် လူမှှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ အဓိက လုပ်ငန်းစဉ် (၈)ခုကို အခြေခံ၍ နှစ်အလိုက်တိုးချဲ့ ဆောင်ရွက်သွားမည့်အစီအစဉ်များကို ခန့်မှန်းကုန်ကျမည့် ငွေပမာဏနှင့်အတူ ရေးဆွဲဖော်ပြထားသည်ကို တွေ့ရပါကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချက် (၄)ချက်ကို အဓိကထား ပြောကြားလိုပါကြောင်း၊ ပထမဦးဆုံးအချက်အနေဖြင့် နိုင်ငံတော်ကချမှတ်ထာသည့် မူဝါဒများ၊ ဦးစားပေးသတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအပိုင်းတွင် “မြန်မာနိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan- MSDP)” နှင့် “မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်လူမှှု ကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် (Myanmar National Social Protection Strategic Plan-NSPSP)” တို့နှင့် ကိုက်ညီသည့် အကောင်အထည်ဖော်မှုမျိုးဖြစ်ရန် အလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ဒုတိယအချက်မှာ ရန်ပုံငွေရရှိရေး ဆောင်ရွက်ခြင်းနှင့် ရေရှည်တွင် အကုန်အကျခံနိုင်ခြင်းဖြစ်ပြီး “ရန်ပုံငွေရရှိရေး ဆောင်ရွက်ခြင်း” အပိုင်းတွင် အဓိကအားဖြင့် နိုင်ငံတော်ရန်ပုံငွေ (Tax based Financing) မှ ကျခံသုံးစွဲသွားရမည်ဖြစ်သော်လည်း နိုင်ငံတော်ရန်ပုံငွေသည် အကန့်အသတ်ရှိသည့်အတွက် အခြားသောအရင်းအမြစ်များနှင့်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် “ရေရှည်တွင် အကုန်အကျခံနိုင်ခြင်း” အပိုင်းသည် အရေးကြီးသဖြင့် အစိုးရအနေဖြင့် နောင်လာမည့်နှစ်များတွင်လည်း ဆက်လက်ထောက်ပံ့သွားနိုင်ရန် ကြိုတင်ဆန်းစစ်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုဆောင်ရွက်ရခြင်းသည် ဆင်းရဲချမ်းသာအကြား ကွာဟမှုကျဉ်းမြောင်းလာခြင်း၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများ မြင့်မားလာခြင်း၊ ကလေးသူငယ်များ၏ ပညာရည်မြင့်မားလာခြင်း စသည့် လူသားအရင်းအနှီးတို့ တိုးတက်လာသော ရလဒ်များရရှိလာမှုကို သက်သေပြနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
တတိယအချက်ဖြစ်သည့် စနစ်တည်ဆောက်ခြင်း (System Building) အပိုင်းသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကကျသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး အဆိုပါစနစ် တည်ဆောက်ခြင်းအပိုင်းတွင် အကောင်အထည်ဖော်ရေးစနစ်တစ်ခု လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်များကို အသုံးပြုရာတွင်လည်း တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုသွားခြင်းဖြင့် လုပ်ငန်းများမြန်ဆန်တိကျခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်လျှော့ချနိုင်ခြင်းနှင့် ဝန်ထမ်းအင်အားအသုံးပြုမှုကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း။
နောက်ဆုံးအချက်ဖြစ်သည့် ပေါင်းစပ်ညှိနှိုင်းခြင်း (Coordination) အပိုင်းတွင် လက်ရှိ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ အစိုးရဝန်ကြီးဌာနများ အချင်းချင်းအကြား၊ အစိုးရဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့ ရှိပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုအဆင့်၌သာမက အောက်ခြေအဆင့်ထိပါ ပိုမိုကောင်းမွန်သည့် ပေါင်းစပ်ညှိနှိုင်းရေးကို တည်ဆောက်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတွင် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လူမှုရေး၊ စီးပွားရေးအရ ထိခိုက်လွယ်သော အခြေအနေတွင်ရှိသည့် နိုင်ငံအတွင်းနေထိုင်သူများကို အဆိုပါ အခြေအနေများမှ ကယ်တင်နိုင်ခြင်း၊ လူမှုရေး၊ စီပွားရေးအရ ထိခိုက်လွယ်သည့်အခြေအနေသို့ ရောက်ရှိနိုင်သည့် အလားအလာရှိသူများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ၏အနာဂတ်ဖြစ်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေနိုင်ရေးဟူသည့် အရေးကြီးသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ကော်မတီအနေဖြင့် ရရှိပြီးသော အတွေ့အကြုံများအပေါ် အခြေခံ၍ ပိုမိုတိုးမြှင့်အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ အဓိကလုပ်ငန်းစဉ် (၈)ခုအပေါ် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်စန်းစန်းအေးက ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ “လုပ်ငန်းကော်မတီ” နှင့် “နည်းပညာအထောက်အကူပြုကော်မတီ” အဆိုပြုဖွဲ့စည်းခွင့်၊ ကာလလတ်လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ် လျာထားချက်နှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အများပြည်သူ အလုပ်အကိုင်ရရှိရေး၊ နည်းပညာနှင့် အသက်မွေးပညာ သင်ကြားခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လူမှုဖူလုံရေးကိစ္စရပ်များနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ခေတ်နှင့်အညီ ဒီဂျစ်တယ်စနစ် အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဘက်စုံလူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်၊ လူကုန်ကူးမှု ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ရာတွင် စာရင်းဇယား မှန်ကန်မှုရှိစေရေး၊ UNICEF နှင့် ချိတ်ဆက်၍ ငွေကြေးထောက်ပံ့မှု အခြေအနေများ၊ ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိုင်ငံသားများ ပညာရေး အဆင့်အတန်းမြင့်မားလာအောင် ဆောင်ရွက်နေမှုများ၊ နည်းပညာနှင့် သက်မွေးပညာ သင်ကြားလေ့ကျင့်သင်တန်းပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ကလေးသူငယ်စောင့်ရှောက်ရေး၊ မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ/ဆရာမများထားရှိရေးနှင့် အာဟာရကျွေးမွေးမည့် အစီအမံများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြဆွေးနွေးချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် အစည်းအဝေး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်သည်။
(သတင်းစဉ်)


