နေပြည်တော် ၂၈ ဖေဖော်ဝါရီ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသ သို့ သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်ထားရှိမှုများအားတွေ့ရှိခဲ့ရမှုနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ ဆောင်ရွက်ချက်များအား ကုသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံရပ်တည်ပေးနေမှု၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ARSA အကြမ်း ဖက်သောင်းကျန်းသူများနှင့် AA သောင်းကျန်းသူများပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းမှုမရှိအောင် ဆောင်ရွက်နေသည့်အခြေအနေများ၊ ၂၀၂၀ ခုနှစ် တွင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် တပ်မတော်မှကြိုးပမ်း ဆောင်ရွက်နေမှု အခြေ အနေများ၊ ထိုသို့ဆောင်ရွက်နေခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေး ကူညီ ဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းမှုရှိစေရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ချက်အရ သိရသည်။
(သတင်းစဉ်)


