ဟံသာညို(ပဲခူး)
၂၀၁၉ ခုနှစ် စစ်တမ်းများအရ သစ်တောဧကပေါင်း ၅၀၀၀၀၀ ကျော်ရှိသော မြန်မာနိုင်ငံသည် အိန္ဒိယကျွန်းဆွယ်တွင် ဒီရေတောပမာဏ ဒုတိယအများဆုံးသော နိုင်ငံဖြစ်သည်။ ဒီရေတောပမာဏ အများဆုံးရှိသောနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ကမ်းရိုးတန်း ကီလိုမီတာ ၂၀၀၀ တစ်လျှောက်တွင် ဒီရေတောများပေါက်ရောက်ပြီး ရခိုင်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ ဒီရေတောများ ကျယ်ပြန့်စွာ ပေါက်ရောက်လာကြသည်။
ဒီရေတောမျိုးစိတ် ၇၀ အနက် မြန်မာနိုင်ငံတစ်ခုတည်းတွင် ၃၄ မျိုးရှိသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အကြီးဆုံးဒီရေတောပမာဏကို တွေ့ရှိနိုင်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ရှင်သန်ပေါက်ရောက်ရာနေရာများ ဆုံးရှုံးခြင်းကြောင့် ဒီရေတောများ ပြုန်းတီးမှု အန္တရာယ်ကို ရင်ဆိုင်နေရသည်။
ဒီရေတောများသည် ရေနေနှင့် ကုန်းနေမျိုးစိတ်များအတွက် အရေးပါသော ပတ်ဝန်းကျင်ဖြစ်သည်။ ၎င်းတို့သည် ငယ်ရွယ်သောရေနေမျိုးစိတ်များဖြစ်သည့် ရေငန်မိကျောင်း (Crocodylus porosus)၊ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ခြေလေးချောင်းလိပ် (Batagur baska) တို့၏ နားခိုရာနှင့် ရှင်သန်ကြီးထွားရာနေရာဖြစ်ပြီး ဥပန်းငှက် (Anhinga melanogaster)၊ ကျီးကောင် (Microcarbo niger)၊ ကျောက်တန်းဗျိုင်း heron (Egretta gularis) နှင့် ဗျိုင်း (Ardea cinerea) ကဲ့သို့သော ရေငှက်မျိုးစိတ်များစွာအတွက် နားခိုကျက်စားရာ ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။
ဒီရေတောများ၏ ဂေဟစနစ် လုပ်ဆောင်ချက်များကြောင့် ပို၍သိသာ ထင်ရှားစွာ အရေးပါနေခြင်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသကဲ့သို့ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူများအတွက် ၎င်းတို့သည် အပင်တစ်ခု၏ အရေးပါပုံထက်ပိုပါသည်။ ဒီရေတောများသည် ဇီဝ အကာအကွယ် တစ်ခုသဖွယ် တည်ရှိပြီး မုန်တိုင်းအန္တရာယ်၊ ရေကြီးခြင်းနှင့် ဆူနာမီကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ခြင်း၊ ရေတိုက်စားမှုကို ထိန်းချုပ်ခြင်း၊ အနည်အနှစ်များ စုပုံခြင်းနှင့် ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာဖူလုံမှုကို လုပ်ဆောင်ပေးခြင်း စသည့် အဖိုးတန် ဂေဟစနစ် ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးပါသည်။ ၎င်းတို့သည် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်း နှင့် အိုးအိမ်များကို သဘာဝအတိုင်း စောင့်ရှောက်လျက်ရှိသည်။
မြန်မာ့ဒီရေတောများသည် လေထုမှဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ အများအပြားကို လျှော့ချပေးနိုင်ပြီး ရာသီဥတု ပြောင်းလဲမှု လျော့နည်းစေရေးအတွက် အရေးပါသော အရင်းအမြစ်တစ်ခု ဖြစ်လာသည်။ မြန်မာနိုင်ငံရှိ ဒီရေတော များဆုံးရှုံးခြင်းသည် လူသားများ၏ စားဝတ်နေရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတို့ကို ထိခိုက်စေပြီး ဒီရေတောတွင် မှီခိုနေသော တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်စားသောက်ရာ စားကျက်မြေများ ဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
ဒီရေတောဂေဟစနစ်တွေ့နိုင်သည့်နေရာများ
ဒီရေတောဂေဟစနစ်ကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီကမ်းရိုးတန်းဒေသ စသည့် ဒေသသုံးခုတွင် တွေ့ရှိနိုင်သည်။ မြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတောများကို စတုရန်း ကီလိုမီတာ ၃၅၀၀၀ (၁၃၅၀၀ စတုရန်းမိုင်) ကျော် ကျယ်ဝန်းသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် တွေ့ရှိနိုင်သည်။ ဒီရေတောမျိုးစိတ် ၂၉ မျိုးတည်ရှိရာ ယင်းဒေသသည်အာရှ၏ အရှုပ်ထွေးဆုံး ဒီရေတောစနစ်ဖြစ်သည်။ သို့သော်အဆိုပါဒေသသည် မကြာသေးမီ ဆယ်စုနှစ်များ အတွင်း ဒီရေတောများ လျင်မြန်စွာဆုံးရှုံးမှုနှင့် ကြုံတွေ့နေရပြီး ဒီရေတော၏ ၇၀ ရာခိုင်နှုန်း ပမာဏအထိ ဆုံးရှုံးမှုဖြစ်ခဲ့သည်။ ဒီရေတောများကို ရှင်းလင်းပြီး စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲခြင်း၊ ငါး၊ ပုစွန်မွေးမြူရေးကန်များအဖြစ် ဖော်ဆောင်ခြင်း၊ ထင်းနှင့် မီးသွေးထုတ်လုပ်ရန် အတွက် မဆင်မခြင်ခုတ်ထွင်ခြင်းတို့သည် ဒီရေတောများ ပြုန်းတီးရခြင်း၏ အကြောင်းရင်းများပင် ဖြစ်သည်။ ဒေသခံများသည် ထင်းနှင့် ငါးဖမ်းလုပ်ငန်းအပါအဝင် လိုအပ်ချက် အမျိုးမျိုးအတွက် ဒီရေတော၏ ဂေဟ စနစ်အပေါ် မှီခိုနေရသည်။
ရခိုင်ဒီရေတောများသည် ရခိုင်ကမ်းရိုးတန်း၏ ဒီရေလွှမ်းမိုးမှုအသင့် အတင့်ရှိသော ဇုန်နေရာတွင် တည်ရှိသည်။ ဒီရေတောများသည် အဆိုပါဒေသ၏ ပျော့ပျောင်းသော ရွှံ့မြေများပေါ်တွင် ပေါက်ရောက်ကြသည်။ ဒီရေလွှမ်းမိုးမှုကြောင့် ၎င်းဒေသရှိရေများမှာ အငန်ဓာတ် အလွန် မြင့်မားသည်။ Bruguiera hainesiiနှင့် Sonneratia griffithii ကဲ့သို့သော မျိုးတုံးလုနီးပါး အပင် မျိုးစိတ်များအပါအဝင် အနည်းဆုံး မျိုးစိတ် ၂၈ မျိုး ပေါက်ရောက်သည်။ ရခိုင်ပြည်နယ်တွင် ပင်လယ်ရေထိန်းနံရံများ တည်ဆောက်ခြင်း၊ တရားမဝင် သစ်ခုတ်ခြင်း၊ အုတ်တံတိုင်း တည်ဆောက်ခြင်းနှင့် အပင်အခေါက်ခွာခြင်းတို့ကြောင့် ကျယ်ပြန့်သောဒီရေ တောများ ပျက်စီးယိုယွင်းလာရသည်။ အချိန်အလိုက် တိုင်းတာထားသော သစ်ပင်အညွှန်းကိန်းများ၏ အကဲဖြတ် ချက်အရ ၂၀၂၂ ခုနှစ်မှစတင်ကာ ဂေဟစနစ်၏ဆုတ်ယုတ်မှုကို တွေ့ရှိရပြီး ယင်းဂေဟစနစ်၏ ၄၀ ရာခိုင်နှုန်းသည် ၂၀၅၀ ပြည့်နှစ်တွင် ပျက်သုဉ်းသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။
သက်တမ်းရင့် ဒီရေတောအများအပြားကို မြန်မာနိုင်ငံ၏တောင်ပိုင်းဒေသ ဖြစ်သည့် တနင်္သာရီ တိုင်းဒေသကြီးတွင် တွေ့ရှိနိုင်သည်။ မြိတ်ကမ်းရိုးတန်းဇုန်ရှိ ဒီရေတောများသည် တနင်္သာရီမြစ်ဝ ကျွန်းပေါ်ဒေသများတွင် တည်ရှိကြသည်။ သို့သော်လည်း အဆိုပါ ဒီရေတောများသည် သဘာဝအနှောင့်အယှက်များနှင့် ပတ်ဝန်းကျင်ကို ပြောင်းလဲညစ်နွမ်း စေသည့်လူသားများ၏ လုပ်ဆောင်မှုများကြောင့် ကြီးမားသောပျက်စီးယိုယွင်းမှုကို ကြုံတွေ့နေရသည်။
ဒီရေတောပြုန်းတီးစေသည့် အကြောင်းများ
ဒီရေတောပြုန်းတီးရခြင်း၏ အဓိကအကြောင်းရင်းများမှာ ဆီအုန်းစိုက်ပျိုးခြင်း၊ ငါး၊ ပုစွန်မွေးမြူခြင်းနှင့် စပါးထုတ်လုပ်ခြင်း စသည့်စိုက်ပျိုးရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ ကျဆင်းမှုအတိုင်းအတာသည် ဒီရေတောများ ပထဝီဝင် မြေပြင်အနေအထားအရ ဖြန့်ကြက်မှုတွင် သိသာထင်ရှားစွာ လျော့ပါးလာသည်ဟု သတ်မှတ်နိုင်ခြင်း မရှိသေးပေ။
သဘာဝ အခြေခံအဆောက်အအုံများဖြင့် ဒီရေတောများသည် အနီးအနားရှိ လူနေထူထပ်သော ဒေသများကို မုန်တိုင်း၊ လှိုင်းနှင့် ပြင်းထန်သောရာသီဥတုဒဏ်မှ အကာအကွယ်ပေးသည်။ ထို့ပြင် ဒေသခံ ပြည်သူများ အထူးသဖြင့် စားဝတ်နေရေး နှင့် ဝင်ငွေအတွက် အားကိုးရသော မြေယာမဲ့ အလုပ်သမားများအတွက် အသက်သွေးကြောတစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။ အဆိုပါ လူ့အဖွဲ့အစည်းများသည် သယံဇာတအမျိုးမျိုးအတွက် ဒီရေတောများပေါ်တွင် မှီခိုနေရပါသည်။ အသက်မွေးဝမ်းကျောင်းပြုရန်နှင့် စီးပွားဖြစ် ရည်ရွယ်ချက်များအတွက် ဒီရေတောများသည် ၎င်းတို့၏ အရေးပါသော လုပ်ဆောင်ချက်များဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော နည်းဖြင့် သော်လည်းကောင်း ပံ့ပိုးလုပ်ဆောင်ပေး သည်။ မီးသွေး၊ ငါး၊ ကဏန်းနှင့် ပုစွန် ကဲ့သို့သော ဒီရေတောထွက်ကုန်များ ရောင်းချခြင်းဖြင့် ရရှိသည့်ဝင်ငွေသည် အိမ်ထောင်စုဝင်ငွေစုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းခန့်ရှိသည်။ ၎င်းပမာဏသည် ဒီရေတောဧရိယာထိန်းသိမ်းရေးနှင့် ၎င်းအပေါ် မှီခိုနေသောရပ်ရွာများ၏ သာယာ ဝပြောရေးအတွက် ထည့်သွင်းစဉ်းစား ရမည့်အချက်ဖြစ်သည်။
လူသားတို့၏ ကောင်းကျိုးကို ဖော်ဆောင်ပေးဒီရေတောများသည်
- ကာဗွန်ကို ထိန်းသိမ်းပေးထားပြီး ရာသီဥတုမျှတအောင် လုပ်ဆောင် ပေးသည်။
- ရာသီဥတုဆိုးရွားခြင်း အန္တရာယ်မှ အကာအကွယ်ပေးသည်။
- လူမှုအဖွဲ့အစည်းများအား အစား အစာ၊ လောင်စာ၊ သစ်နှင့် ဆေးဝါးများ ထောက်ပံ့ပေးသည်။
- ကမ်းရိုးတန်းကို ကာကွယ်ပေးပြီး ရေရည်တည်တံ့စေသည်။
- ဒေသအတွင်း ရေအရည်အသွေးကို ထိန်းသိမ်းပေးပြီး ပိုမိုကောင်းမွန်စေ သည်။
- ကမ်းရိုးတန်းဒေသ ရေလွှမ်းမိုးမှုကို ကာကွယ်ပေးပြီး ရေတိုက်စားမှု အန္တရာယ်မှလည်း ကာကွယ်ပေး သည်။
- သက်ရှိများအတွက် ဂေဟစနစ်များကို ဖန်တီးပေးသည်။
- ဇီဝမျိုးစုံမျိုးကွဲများ၏ ရှင်သန်နေထိုင် ရာ နေရာတစ်ခုဖြစ်သည်။
- ဒေသခံ လူမှုအဖွဲ့အစည်းများအား ဝင်ငွေအထောက်အပံ့ ဖြစ်စေသည်။
ဒီရေတောများသည် သက်ရှိသတ္တဝါများအတွက် အလွန်အရေးကြီးသော်လည်း လူသားများ၏ လူမှုအကျိုးစီးပွား ဆိုင်ရာရည်ရွယ်ချက်များဖြင့် လုပ်ဆောင် ချက်များသည် အဆိုပါဒီရေတောများကို ဆိုးရွားစွာ ထိခိုက်စေလျက်ရှိပြီး ယိုယွင်း ပျက်စီးလာစေသည်။
ဒီရေတောများ ပျက်စီးခြင်းနှင့် သစ်တောပြုန်းတီးမှုသည် ကမ်းရိုးတန်းများပေါ်တွင် မှီခိုလျက်ရှိသော အသက်မွေးဝမ်းကျောင်းပြုမှုများနှင့် ဇီဝမျိုးစုံ မျိုးကွဲများနှစ်ခုလုံးကိုများစွာထိခိုက် နစ်နာစေသည်။ မြေယာရှင်းလင်းခြင်းအပြင် စပါးစိုက်ခင်းများအဖြစ်ပြောင်းလဲခြင်း၊ ဆီအုန်းစိုက်ပျိုးခြင်း၊ တိုးချဲ့ခြင်းနှင့် ရေရှည်တည်တံ့မှုမရှိသော စိုက်ပျိုး မွေးမြူရေး လုပ်ဆောင်ခြင်းတို့သည် မြန်မာနိုင်ငံရှိ ဒီရေတောများအား ပျက်စီးစေသော အဓိကအကြောင်းရင်းများပင်ဖြစ်သည်။ ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတစ်လျှောက်တွင် မကြာခဏ မုန်တိုင်းတိုက်ခတ်ခြင်းများရှိပြီး ၂၀၀၈ ခုနှစ်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် ဒီရေတောဂေဟစနစ် ပျက်စီးမှုအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ National University of Singapore ၏ အဆိုအရ မြန်မာနိုင်ငံရှိ ဒီရေတော အားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်သည် အနှစ် ၂၀ အတွင်း အခြားသော အသုံးပြုမှု ပုံစံများသို့ အမြဲတမ်း သို့မဟုတ် ယာယီအဖြစ်သို့ ပြောင်းလဲခဲ့သည်ဟုသိရပါသည်။
အခြားသော အဓိကအကြောင်းရင်းများမှာ သစ်၊ ထင်းနှင့် မီးသွေးထုတ်လုပ်မှု၊ မြေယာအသုံးပြုမှု၊ ဆားထုတ်လုပ်မှုနှင့် ပုစွန်မွေးမြူရေး စသည်တို့ပါဝင်ပါသည်။ ယင်းလုပ်ဆောင်ချက် အမျိုးမျိုး၏ အကျိုးဆက်များအနေဖြင့် ဒီရေတော ပြုန်းတီးမှုသည် မြန်မာနိုင်ငံတွင် အရေးကြီးသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ထည့်သွင်း သတ်မှတ်ထားပါသည်။
“ဒီရေတောမီးသွေး”ဟု ဒေသအတွင်း ခေါ်ဝေါ်ကြသည့် ဒီရေတောမှ ထုတ်လုပ်သောမီးသွေးသည် ပိုမိုကောင်းမွန်ခြင်း၊ ကြာရှည်စွာ လောင်ကျွမ်းနိုင်ခြင်း စသည့်အရည် အသွေးကောင်းမွန်မှုအပြင် ၎င်း၏ ကျစ်လျစ်မာကျောသော လက္ခဏာရပ်များကြောင့် ဒေသခံပြည်သူများက တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ ဒီရေတောမီးသွေးများကို သစ်မာလမုပင်များမှ အဓိကထုတ်လုပ်သည်။
မီးသွေးထုတ်လုပ်မှုနှင့် အခြားသောစိုက်ပျိုးရေးဆိုင်ရာ ရည်ရွယ်ချက်များဖြင့် သစ်တောများကို အလွန်အကျွံအသုံးပြုမှုများကြောင့် ဒီရေတောများ လျင်မြန်စွာ ပျက်စီးဆုံးရှုံးမှုနှင့်အတူ ဒီရေတောများသည် ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ချောင်းသာနှင့် ရွှေသောင်ယံတို့တွင် အသေးစား မီးသွေးထုတ်လုပ်မှုသည် ဒီရေတောများ ရှားပါးလာမှုနှင့်အတူ လျော့နည်း ကျဆင်းလာစေသည်။
နိုင်ငံခြားဝင်ငွေရရှိနိုင်စေ
လက်ရှိတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ပုံမှန်တင်ပို့လျက်ရှိသည့် မီးသွေးပမာဏ အများအပြားကို အဓိကအားဖြင့် ကသာနှင့် မြိတ်မြို့များတွင် ထုတ်လုပ်လျက်ရှိသည်။ ပဲခူးသည်လည်း မီးသွေးထုတ်လုပ်မှုတွင် သိသာထင်ရှားသော ဈေးကွက်ဝေစုတစ်ခုကို ပိုင်ဆိုင် ထားသည်။ ဒီရေတောပေါများသော မြိတ်မြို့သည် ဒီရေတောမီးသွေးထွက်ရှိမှု၏ အဓိကနေရာ ဖြစ်လာသည်။ သို့ရာတွင် ထင်းအလွန်အကျွံ ထုတ်ယူမှုကြောင့် ဒီရေတောပြုန်းတီးမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။
ဒီရေတောများကို ထိန်းသိမ်းခြင်းသည် ရေရှည်တည်တံ့သော ဂေဟစနစ်ကို ဖော်ဆောင်ရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒီရေတောနှင့် လိုက်လျောညီထွေရှိသော ငါး၊ ပုစွန် မွေးမြူစိုက်ပျိုးခြင်းသည် ဒီရေတောပြုန်းတီးမှုကို ရှောင်ရှားရန်နှင့် ဒီရေတော သယံဇာတများကို အကျိုးရှိစွာအသုံးချခြင်းဖြစ်သည့် ထိရောက်သောနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ရှိ ဒီရေတောနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုး မွေးမြူခြင်းလုပ်ဆောင်နိုင်သည့် အလားအလာရှိသော ဧရိယာ ၁၃၀၀၀၀ ဟက်တာကျော်သည် ရေရှည် တည်တံ့သော၊ ဒီရေတောနှင့် လိုက်လျော ညီထွေမှုရှိသော ရွှံ့ကဏန်းမွေးမြူခြင်း ကို လုပ်ဆောင်ရန် နေရာကောင်းပင်ဖြစ်သည်။ ရွှံ့ကဏန်းမွေးမြူခြင်း အတွက် သေးငယ်ပြီး တိမ်သောရေကန်များသာ လိုအပ်ပါသည်။ ကဏန်းကန်များအတွင်း ဒီရေတောအပင်များကို ကောင်းမွန်စွာ ရှင်သန်ကြီးထွားစေခြင်းဖြင့် ကဏန်းများ၏ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းအားကို တိုက်ရိုက် အထောက်အကူဖြစ်စေပြီး ကဏန်းများ ၏ဖွံ့ဖြိုးမှုအတွက် အရေးပါသောအဏု ဇီဝများကို ဖန်တီးထုတ်လုပ်ပေးပါသည်။ ထို့အပြင် ကြီးထွားလာနေသော ဒီရေ တောအပင်များနှင့် ငါး၊ ပုစွန်များ ပေါင်းစပ်ခြင်းဖြင့် ငါးပုစွန်လုပ်ငန်းမှ ရေရှည်စီးပွားရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး ခန့်မှန်းခြေအားဖြင့် ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်မှုကို ရရှိနိုင်သည်။ ဒီရေတောနှင့် လိုက်လျောညီထွေမှု ရှိသော စိုက်ပျိုးမွေးမြူခြင်းသည် စီးပွားရေး အကျိုးရလဒ်ကောင်းများသာမက ကာဗွန်ထုတ်လုပ်မှုကို လာမည့်အနှစ် ၂၀ အတွင်းတွင် ၃၃၄၀၄၁၆ MtCO2e အထိ စုပ်ယူနိုင်သည့်အတွက် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ အကာကွယ် ပေးနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် ရေရှည်တည်တံ့သော ငါး၊ ပုစွန်မွေးမြူခြင်း အလေ့အကျင့်များနှင့် ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးတို့အကြား ဟန်ချက်ညီညီ လုပ်ဆောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအတွက် အပြုသဘောဆောင်သောရလဒ်များကို ရရှိနိုင်မည်ဖြစ်သည်။ ဒီရေတောများဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စုဆောင်းရာတွင် လူမှုအသိုက်အဝန်း၏ စွမ်းအားကို အသုံး ချနိုင်သည်။ တိကျပြီး အချိန်နှင့်တစ်ပြေး ညီသော ဒေတာအချက်အလက်များ ရရှိနိုင်ခြင်းသည် တိုးတက်မှုကို ခြေရာခံရန်နှင့် မြန်မာ့ဂေဟစနစ်၏ တန်ဖိုးကိုချိတ်ဆက်ရန် ကူညီပေးနိုင်ပါသည်။ ရပ်ရွာများအကြား ဒီရေတော ဂေဟစနစ်၏ အရေးပါပုံကို အသိပညာပေးခြင်းနှင့် သက်ဆိုင်ရာဒေသများရှိ ဒီရေတောများကို စောင့်ကြည့်ခြင်းဖြင့် ဒီရေတောများ ပြန်လည်ထူထောင်ခြင်းကို မြှင့်တင်နိုင်ပြီး ဒီရေတောများ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
References
Zawgyi Ko June 30, 2023 ၊ Contribution of Mangrove Forest to the Livelihood of Local Communities in Ayeyar- waddy Region, Myanmar၊ Bijeesh Kozhikkodan Veettil, Sebastian Felipe Ruiz Pereira, Ngo Xuan Quang. Rapidly diminishing mangrove forests in Myanmar (Burma)၊ Improved estimates of mangrove cover and change reveal catastrophic deforestation in Myanmar၊ Threatened Ecosystems of Myanmar၊ Diversity and distribution of true mangroves in Myeik coastal areas, Myanmar၊ Threatened Ecosystems of Myanmar and Japan Wildlife Research Center (JWRC), Kaoru Ichikawa (UNU-IAS), ed. Myanmar: Mangrove Forests in the Ayeyarwady Delta.