နေပြည်တော် ဇန်နဝါရီ ၃၀

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ နှင့်အတူ နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေး ရုံကြီး (ခုတင်-၃၀၀) နှင့် လယ်ဝေးမြို့နယ်(ခုတင်-၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ၂၅ ခုတင်ဆံ့ အေလာ တိုက်နယ်ဆေးရုံ၌ အေလာအုပ်စုအတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များ၊ အာဟာရဖြစ်စားသောက်ဖွယ်ရာများ ပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများကို အမှတ်တရသစ်သီးခြင်း ပေးအပ်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၅ ခုတင်ဆံ့ အေလာတိုက်နယ် ဆေးရုံအတွက် နေပြည်တော် ကောင်စီမှလှူဒါန်းသည့် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ အေလာတိုက်နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဝဏ္ဏမျိုးထွဋ် က လက်ခံရယူသည်။

 

ယနေ့ အေလာအုပ်စုအတွင်းရှိ ကျေးရွာများမှ အထွေထွေရောဂါလူနာ ၉၆ ဦး၊ မျက်စိလူနာ ၁၀၅ ဦး၊ ခွဲစိတ် ၁၆ ဦး၊ အရိုးလူနာ ၆၆ ဦး၊ ကလေးလူနာ ၁၃ ဦး၊ သားဖွားမီးယပ်လူနာ ၁၀ ဦး၊ သွား လူနာ ၂၃ ဦး၊ စုစုပေါင်းလူနာ ၃၂၉ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူနာ ၁၈ ဦးကို ဆေးရုံကြီးများသို့ လွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ ရွာသစ်ကျေးရွာရှိ နေပြည်တော်တိုင်းဝိနည်းဓိုရ် ရပ်/ ကျေး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန်ကျည်းတော ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသဝအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအနီး ရုံးပင်-အေးချမ်းသာ ဆက်သွယ်သော လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား ပေ ၈၄၀  တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နေပြည်တော်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရုံးပင်-အောင်ချမ်း သာ တံတားချဉ်းကပ်လမ်း သုည ဒသမ ၂၇၄ ကီလိုမီတာ အရှည် ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ် ချက်များမှာကြားသည်။   

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ရုံးပင်ကျေးရွာအုပ်စု အနီး ၂၀၂၃-၂၀၂၄ခုနှစ် အစေ့ထုတ်ပြောင်းသီးနှံ စပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်း ဧက ၄၀ တွင် Top Partner Co,Ltd ၏ ပြောင်းမျိုးစမ်းသပ်ကွက်သို့ သွားရောက်၍ အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးထားရှိမှု နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် နေပြည်တော်လမ်းဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် ရန်ကုန်-မန္တလေး မြို့ရှောင်လမ်းပေါ်တွင် Thermo Plastic Paint ဆေးလိုင်းဆွဲခြင်း လုပ်ငန်း၊ လမ်းညွှန်၊ လမ်းအမှတ်အသားများ ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် မြို့ရှောင်လမ်း ဘေးဝဲ/ယာတွင် အရိပ်ရသစ်ပင်များ သုံးတန်း စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။

 

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီး များ၊ တာဝန်ရှိသူများက အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အသင်းများမှ အားကစားသမားများ၊ အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်အသင်းများမှ အားကစားသမားများကို  တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများ၊ တံခွန်စိုက် ဆုဖလားများကို ပေးအပ်ချီးမြှင်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)