ဂျေရုဆလင် နိုဝင်ဘာ ၁၉
အစ္စရေးတပ်ဖွဲ့၏ စစ်ဆင်ရေးဆင်နွှဲမှု အတွင်း သေဆုံးသူ ၄၀ ရာခိုင်နှုန်းကျော်သည် ဂါဇာကမ်းမြောင် တောင်ပိုင်းမှ အရပ်သားများဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်၏ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အစ္စရေးတပ်ဖွဲ့သည် အရပ်သားများကို တောင်ဘက်သို့ ထွက်ခွာရန် ပြောကြားခဲ့သော်လည်း မြောက်နှင့် တောင်ကြား မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဟားမတ်စ်၏ အကြီးတန်းအရာရှိ အိုစမာ ဟမ်ဒန်က နိုဝင်ဘာ ၁၈ ရက်တွင် လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အစ္စရေးတပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်ဒေသ၏ အကြီးမားဆုံး ကျန်းမာရေးဆိုင်ရာ အဆောက် အအုံဖြစ်သည့် အယ်လ်ရှီဖာဆေးရုံတွင် လေးရက်ကြာ စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့သည် အယ်လ်ရှီဖာဆေးရုံ၏ ဆေးဘက်ဆိုင်ရာနေရာများတွင် ဟားမတ်စ်၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေးစင်တာကို ရှာဖွေလျက်ရှိသည်ဟု အိုစမာ ဟမ်ဒန်က ပြောသည်။
လက်ရှိအချိန်အထိ ဟားမတ်စ် ကွပ်ကဲရေးဌာနနှင့် ဓားစာခံတစ်ဦးကိုမျှ တွေ့ရှိခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် ပြင်းထန်သော ရာဇဝတ်မှုကျူးလွန်ခဲ့ပြီး ဖျားနာသူများ၊ ဒဏ်ရာရသူများနှင့် ဆေးဘက် ဆိုင်ရာ ဝန်ထမ်းများအား ဆေးရုံမှ နှင်ထုတ်ခဲ့ကြောင်း အိုစမာဟမ်ဒန်က သတင်းထောက်များကို ပြောကြားသည်။
အစ္စရေးတပ်ဖွဲ့ဝင်များသည် ဆေးရုံများကို ဗုံးဖောက်ခွဲခြင်းကဲ့သို့သော နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုများ ကျူးလွန်ခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရသည်လည်း အစ္စရေးအဖွဲ့ကို ပံ့ပိုးပေးသည့်အတွက် တာဝန်ရှိကြောင်း အိုစမာ ဟမ်ဒန်က ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းတွင် လိုအပ်သော အစားအစာပမာဏ၏ ဆယ်ပုံတစ်ပုံသာ လက်ရှိအချိန်အထိ ပြည်သူများထံ ရောက်ရှိခဲ့ကြောင်း အိုစမာ ဟမ်ဒန်က ဆိုသည်။ ထို့ပြင် အစ္စရေးသည် အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အစာငတ်ခံခြင်းနှင့် ဆေးရုံများကို ဝင်ရောက်စီးနင်းခြင်းများနှင့်အတူ ဂါဇာမြောက်ပိုင်းမှ အရပ်သား များကို မဟာဗျူဟာကျကျ ဖိအားပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပါလက်စတိုင်းပြည်သူများသည် အစ္စရေးတပ်ဖွဲ့၏ ထိုးစစ်ကို အလျှော့မပေးဘဲ အဆုံးထိ တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ဟမ်ဒန်က ကတိပြုပြောကြားသည်။ ဂါဇာတွင် အနည်းဆုံး လူ ၁၁၈၀၀ သေဆုံး ခဲ့ပြီး ၎င်းတို့အနက် ၄၉၀၀ ခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်များက ယမန်နေ့တွင် ကြေညာခဲ့သည်။
အလားတူ အစ္စရေးဘက်ခြမ်းတွင် သေဆုံးသူဦးရေမှာ ၁၂၀၀ ခန့်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်