လစ်ဗျားကမ်းလွန်တွင်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၂၇၁ ဦးကယ်ဆယ်နိုင်ခဲ့ဟု နိုင်ငံတကာရွှေ့ပြောင်း နေထိုင်သူများအဖွဲ့ကဆို

အောက်တိုဘာ ၃

လစ်ဗျားကမ်းလွန်တွင် လွန်ခဲ့သောသီတင်းပတ်အတွင်း နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၇၁ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ယမန်နေ့ကပြောကြားသည်။

အဆိုပါရွှေ့ပြောင်းနေထိုင်သူများတွင် အမျိုးသမီး ၂၅ ဦးနှင့် ကလေး ၂၃ ဦးတို့ပါဝင်ကြောင်းနှင့် စက်တင်ဘာ ၂၄ မှ ၃၀ ရက်အတွင်း ယင်းရွှေ့ပြောင်းနေထိုင်သူများအားကယ်ဆယ်ပြီး လစ်ဗျားနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း နိုင်ငံတကာရွှေ့ပြောင်း နေထိုင်သူများအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရွှေ့ပြောင်းနေထိုင်သူလေးဦး သေဆုံးကြောင်း ထပ်လောင်းဖော်ပြထားသည်။

ယခုနှစ် လက်ရှိအချိန်အထိ  တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၁၇၃၆ ဦး ကယ်ဆယ်ခဲ့ပြီး လစ်ဗျားနိုင်ငံသို့ ပြန်ပိုခဲ့ကြောင်း၊ ၉၂၅ ဦး သေဆုံးခဲ့ပြီး ၁၁၆၈ ဦး ပျောက်ဆုံးကြောင်း နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ပြောကြားသည်။

၂၀၂၂ ခုနှစ်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၂၄၆၈၄ ဦး ကယ်ဆယ်ခဲ့ပြီး လစ်ဗျားနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း၊ ၅၂၉ ဦး သေဆုံးပြီး ၈၄၈ ဦး ပျောက်ဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို