Emails အစောင်ရေ ၆၀၀၀၀  ဆိုက်ဘာတိုက်ခိုက်မှုဖြင့် ဖောက်ယူခံရဟု အမေရိကန်နိုင်ငံခြားရေးဌာနဆို

စက်တင်ဘာ ၂၉

အမေရိကန်နိုင်ငံခြားရေးဌာနမှ Emails အစောင်ရေ ၆၀၀၀၀ သည် တရုတ်နိုင်ငံအခြေစိုက်ဟက်ကာအုပ်စု၏ ဆိုက်ဘာတိုက်ခိုက်မှုဖြင့် ဖောက်ယူခံလိုက်ရသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနကဆိုသည်။

ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ယင်းသို့သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအခြေစိုက်ဟက်ကာအုပ်စုက အစိုးရဌာနနှင့်အဖွဲ့အစည်း ၂၅ ခုခန့်နှင့်ချိတ်ဆက်ထားသော email အကောင့်များဖောက်ယူခဲ့သည်ဟု Microsoft က ဇူလိုင်လကထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနက email အကောင့်များဖောက်ယူခံရမှုကိုအတည်ပြုခဲ့ပြီး ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏email အကောင့် ၁၀ ခုမှ အချက်အလက်များရယူနှောင့်ယှက်ခံရသည်ဟု အမေရိကန် သတင်းမီဒီယာများက ဆိုသည်။

အဆိုပါအကောင့်များအနက် ကိုးခုသည် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ငန်းသုံးအကောင့်များ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို