ဒုတိယဝန်ကြီး ဦးအေးထွန်း  Pagoda Digital Directory ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတက်ရောက်

ရန်ကုန်  စက်တင်ဘာ  ၂၇

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်‌ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည့် Pagoda Digital Directory ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။

 

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များ၊ တန်ခိုးကြီးဘုရား(၉)ဆူ ဂေါပကအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက  တန်ခိုးကြီးဘုရားများ၏ သတင်းအချက်အလက် အကြောင်းအရာများကို Digitalize အဖြစ် ဆောင်ရွက်ရာတွင် Directory မူကြမ်းအတည်ပြုပြီးပါက Software ဖြင့် Screen တင်ပြီး IT Lawဖြင့် စနစ်တကျ စာချုပ်ချုပ်သွားကြရန်ဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံတစ် ဝန်းရှိ တန်ခိုးကြီးဘုရား(၉)ဆူ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို Digitalize ပြုလုပ်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိထင်ရှားသည့် စေတီပုထိုးများ၊ တတိယအဆင့် အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးစေတီပုထိုးများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာအချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် ဂေါပက အဖွဲ့ဝင်များနှင့် နည်းပညာပိုင်းဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက်  ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(ပြည်) ဒုတိယပါမောက္ခချုပ်က ပြည်ရွှေဆံတော်ဘုရားတွင် ဝက်ဆိုဒ်ဆောင်ရွက်ထားရှိမှုနှင့် ရွှေဆံတော်ပြတိုက်တွင် ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန တာဝန်ရှိသူများက အမျိုးသားပြတိုက် နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်နောင်က Pagoda Digital Directory ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေးနေသည့် Data Center နှင့် အခြားလိုအပ်သည့်နည်းပညာဆိုင်ရာ အကြံပြုခြင်း အပိုင်းများကိုလည်းကောင်း  ရှင်းလင်းဆွေးနွေးကြပြီး ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနိဘုရား၊ ရွှေစည်းခုံ စေတီတော်၊ အာနန္တာစေတီ၊ ကျိုက်ထီးရိုးစေတီတော်၊ ဥပ္ပါတသန္တိစေတီတော်၊ မြသလွန်စေတီ၊  ရွှေဆံတော်စေတီနှင့် ရှစ်သောင်းဘုရား စသည့် တန်ခိုးကြီးဘုရား(၉)ဆူမှ ဂေါပကအဖွဲ့ကိုယ်စားလှယ်များက ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေး၍ လိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေတိဂုံစေတီတော် အရှေ့ဘက်ဝန်ထမ်းအိမ်ရာ (၁၀)ခန်းတွဲ (၄)ထပ်ဆောင် ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံပြီးစီးပါက ဝန်ထမ်းများကို စနစ်တကျ ခွဲဝေချထား ရေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)