အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့သော အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်နှင့် (၂) နှစ်တစ်ကြိမ် ကျင်းပသည့်ညီလာခံတို့သို့  မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်

 

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းသည် ကော်မရှင်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းနှင့်အတူ အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တွင် စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသော အာရှပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နှင့် (၂)နှစ် တစ်ကြိမ် ကျင်းပသည့် ညီလာခံ (28th Annual General Meeting of Asia Pacific Forum & Biennial Conference)  တို့သို့  ပါဝင်တက်ရောက်ခဲ့သည်။

 

စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပသော အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် (၂) နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ Smt. Droupadi Murmu တက်ရောက် ချီးမြှင့်၍ ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

 

ယင်းနောက် အစည်းအဝေးအစီအစဉ် ပထမနေ့အဖြစ် အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးသို့ အာရှပစိဖိတ် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်၏ အဖွဲ့ဝင်နိုင်ငံ (၂၆) နိုင်ငံရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အိန္ဒိယလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ ဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်များ၊ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးမှ ကိုယ်စားလှယ်များနှင့် အစည်းအဝေးသို့ လေ့လာသူများအဖြစ် တက်‌ရောက်ကြသည့် Cook Islands, Taiwan, Turkmenistan နှင့် United Arab Emirates နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၂၀) ခန့် ပါဝင် တက်ရောက် ခဲ့ကြသည်။

 

အစည်းအဝေးတွင် အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်အဖွဲ့ဝင်များနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများ (Non-governmental Organizations, NGOs) တို့ အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ဖိုရမ်၏ အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖိုရမ်အဖွဲ့ဝင်များအကြား ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများနှင့် Dehli Declaration ထုတ်ပြန် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

စက်တင်ဘာ ၂၁ ရက်တွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ၇၅ နှစ်မြောက် အထိမ်းအမှတ်နှင့် ပါရီအခြေခံမူများ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် 30 years of Promoting and Protecting Human Rights Across Asia and the Pacific ၊ Advancing the Universal Declaration of Human Rights and Its Promise of Equality, Freedom and Justice For All နှင့် The Role of NHRIs Responding to an Mitigating the Human Rights Impacts of Climate Change - National, Regional and International Actions ခေါင်းစဉ်များဖြင့် စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။ ဆွေးနွေးပွဲများအပြီးတွင် Delhi Declaration ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းနှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းတို့သည် ထိုင်းနိုင်ငံလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။ 

 

သတင်းစဉ်