နေပြည်တော် ၁၄ ဖေဖော်ဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီးက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နော်ဝေနိုင်ငံက ၂၀၁၉ ခုနှစ်အတွက် Mine Ban Treaty ဥက္က|အဖြစ် ဆောင်ရွက်မည်ဖြစ်ရာ မိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ် အသိပေးဆိုင်ရာ လုပ်ငန်းများ၊ မိုင်းဒဏ်ခံစားခဲ့ရသူများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မတ် (၅)ရက်တွင် ကျင်းပမည့် Mine Treaty နှင့်ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲအကြောင်းအရာများ၊ Mine Ban Treaty တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးရန် ဖြစ်နိုင်ခြေနှင့်ဆက်လက်၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု လက်ရှိအချိန်ထိ အခြေအနေများ၊ အာဆီယံနိုင်ငံများ AHA Centre တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် နေ့စဉ်လှုပ်ရှားသွားလာမှုများအတွက် ဝန်ကြီးဌာနနှင့် မသန်စွမ်းသူများအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ မသန်စွမ်းသူများဆိုင်ရာဥပဒေ၊ နည်းဥပဒေများချမှတ်ပြီးနောက် သက်ဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်ပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်ထောင်စုအဆင့်တွင် သာမကတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်ပါ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မသန်စွမ်းသူများအား ထောက်ပံ့ခြင်း၊ အမျိုးအစားခွဲခြား၍ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း၊ မှတ်ပုံတင်ခြင်းကိစ္စများနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
Open Society Foundation အဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ရှေးဦးကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ (၁)လ သင်တန်းမှ (၃)လ သင်တန်းသို့ ဖွင့်လှစ်နိုင်ရေး သင်ရိုးညွှန်းတမ်းရေး ဆွဲရေးဆောင်ရွက်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အဆိုပါသင်တန်းနှင့် ရှေးဦးကလေးသူငယ် စောင့်ရှောက်မှုဆိုင်ရာ ဒီပလိုမာသင်တန်းတို့အကြား ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မသန်စွမ်းသူများအတွက် လူတိုင်းအကျုံးဝင် ပညာရေးစနစ် ဖြစ်ပေါ်လာရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ မသန်စွမ်းသူများအတွက် လက်သင်္ကတေ စနစ်အား စံစနစ်(၁)ခုအဖြစ် သတ်မှတ်နိုင်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပညာသင်ဆုများပေးအပ်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း တိုက်ပွဲရှောင်ဒေသများတွင် သောက်သုံးရေနှင့် ယင်လုံအိမ်သာများ အသုံးပြုရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အလှူရှင်များဖြစ်ကြသော မြတ်မေတ္တာမွန်ကုမ္ပဏီမှ ဒေါက်တာဝင်းမြင့်နှင့် ဇနီးအဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦး မိသားစုက အလှူငွေ ကျပ်သိန်း(၃၀ဝ)ကို လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲရှောင်ဒေသများတွင် သောက်သုံးရေနှင့် ယင်လုံအိမ်သာ လုပ်ငန်းများ အသုံးပြုရန် လာရောက်လှူဒါန်းမှုကို ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ လှူဒါန်းငွေများကိုလည်း တိုက်ပွဲရှောင်ဒေသများတွင် အလှူရှင်များ၏ သဒ္ဓါစိတ်အတိုင်း ဆောင်ရွက်အသုံးပြု သွားဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


