တရားမဝင် သစ်မျိုးစုံ၊ လယ်ယာထွက်ကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း ၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထီးတန်းဆိပ်ကမ်းကုန်သေတ္တာစစ်ဆေး‌ရေးစခန်း၌ ကုန်သေတ္တာ (၂)လုံးအတွင်း၌  သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသည့်  လက်အိတ် (၁၁၆,၄၀၀) ထုပ် အပါအဝင် ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၁၆၀,၀၀၀)နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် ကြွေပန်းကန်လုံး (၆,၃၀၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၄၈,၀၀၀)ကိုလည်းကောင်း၊ အကောက်ခွန်လှုပ်ရှား စစ်ဆေးရေးအဖွဲ့က ရန်ကုန် - ဘားအံ - မြဝတီ လမ်းကြောင်းအတိုင်း ရန်ကုန်မြို့သို့ မောင်းနှင် လာသော မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ကျောပိုးအိတ် (၁,၃၀၀)လုံးနှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Excavator Roller (၂၃၆၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၆၄,၅၉၃)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့်  Scania Truck အမျိုးအစား Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉,၂၇၂,၅၉၃)ကို  ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ  ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့တရားမဝင်ကုန်စည်တားဆီးထိန်းချုပ်ရေးအဖွဲ့က မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေးဂိတ်၌ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော မော်တော်ယာဉ်များအား ရှောင်တခင် သွားရောက် စစ်ဆေးစဉ် ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် ပိုင်ရှင်မဲ့ စုပုံထားသော ကုန်ပစ္စည်းများအား စိစစ်တွေ့ရှိရ သဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ တစ်ခါသုံးသွားတိုက်တံ (၉၀) ကီလိုဂရမ် အပါအဝင် လူသုံးကုန်ပစ္စည်း (၂၀) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၉၁,၄၈၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မော်တော်ယာဉ်(၅)စီးပေါ်တွင် တင်ပို့ခွင့် အထောက်အထား တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်း မရှိသည့်  နှမ်းနက် (၃၇၅) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ နှမ်းဖြူ  (၆၈)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၇၀၄,၀၀၀)၊ ဖွဲနု (၁၂၀) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀,၀၀၀)၊ စားသောက်ကုန်ပစ္စည်းမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၇၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သည့် မော်တော်ယာဉ် (၅)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂,၉၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆,၅၁၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 

၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့ ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းအနီး၌ လိုင်စင်မဲ့ Toyota Probox အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃,၀၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ 

ထို့ပြင် မတ် ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်၊ ဖြူးမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့အတွင်း တရားမဝင် ကျွန်းသစ်နှင့်သစ်မာ (၁၃ ဒသမ ၄၁၄၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၄၂,၆၀၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ်  ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆,၃၂၀,၆၈၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်