ပဲခူး ၁၃ ဖေဖော်ဝါရီ


ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲ အခမ်းအနားကို  ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီက  ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားကွင်းတွင် ကျင်းပခဲ့သည်။

 

123


အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တိုင်းရင်းသားများ ရောင်းချသော မြန်မာတိုင်းရင်းသားရိုးရာ အစားအစာများနှင့် ပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ၂၀၁၈ -၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ပဲခူးတိုင်းဒေသကြီးအားကစားအဖွဲ့များနှင့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် ဘင်ခရာနှင့် စစ်တီးဝိုင်းအဖွဲ့များအား ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။


အဆိုပါ ဈေးရောင်းပွဲနှင့် ပြပွဲတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ပြခန်း၊ ဌာနဆိုင်များ၏ ဌာနအလိုက် ကျန်းမာရေးပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ပညာရေးပြခန်း၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာပြခန်းများ ပြသထားခြင်း၊ ကရင်၊ ရခိုင်၊ မွန်၊ ပအိုဝ်းတိုင်းရင်းသားများ၏ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချခြင်းများ ပါဝင်ပြသထားကြောင်း သိရသည်။


တင်စိုး(ပဲခူး)