ရန်ကုန် ၁၂ ဖေဖော်ဝါရီ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား အလေးပြုပြီး ကျဆုံးလေပြီးသော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီ အရေးတော်ပုံ အဆင့်ဆင့်တွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့် ငြိမ်သက်ခြင်းတို့ကို ပြုလုပ်ကြသည်။
သဘာပတိအဖြစ်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် `` ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေဟာ အမျိုးသားရေးဝါဒနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို သဟဇာတဖြစ်စေပြီး ပင်လုံစိတ်ဓာတ်ကို မွေးဖွားပေးခဲ့ကြသလို၊ ကျွန်ုပ်တို့ဟာ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ သမိုင်းဆိုင်ရာ ပကတိအခြေအနေများကို ဆန္ဒစွဲ၊ လူမျိုးစွဲကင်းစွာ ဓမ္မဓိဌာန်ကျကျ သုံးသပ်၊ လက်တွေ့ကျကျ တည်ဆောက်ကြဖို့ လိုပါတယ်။ လူမျိုးကြီးဝါဒနဲ့ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ဝါဒကိုလည်း ဆန့်ကျင်ကြရပါမယ် ´´ ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက ``အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးမူဝါဒနဲ့ သဘောထားများဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အခြေခံထားတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရရှိရေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်များမှအစ၊ အစိုးရအဖွဲ့ ဖွဲ့စည်းရေးပါမကျန် တိုင်းရင်းသား၊ ယှဉ်ပြိုင်ဖက်အဖွဲ့အစည်းများနဲ့ တပ်မတော်သားများ အခြားအရည်အချင်း ပြည့်ဝသူများ၊ ပညာရှင်များ အားလုံးပူးပေါင်း ပါဝင်နိုင်ရေးကို အဓိက မူတစ်ခုအဖြစ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်´´ ဟုပြောသည်။
ထို့နောက် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သောကြေညာချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဦးက ဖတ်ကြားပြီး နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များက ပေးပို့သော သဝဏ်လွှာများအား မှတ်တမ်းတင်သည်။
အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး


